လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ အရပ်သား(၆)ဦးအနက် (၁)ဦးသေဆုံးခဲ့
မြူနစ် (NSS) - စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၆)ဦးအနက် (၁)ဦးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၁၉ ရက်)၊ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက NSS ကို ပြောသည်။
အမည်မသိ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် CS ဟိုတယ်ရှေ့သို့ လာရောက်ကာ ဗုံးတပ်ဆင်ထားသည့် ဆိုင်ကယ်အား ရပ်ထားခဲ့ကြောင်း သိရသည်။
“နယူးအာရှတည်းခိုခန်းနဲ့ CS ဟိုတယ်ရဲ့အရှေ့မှာ ဆိုင်ကယ်နဲ့အမျိုးသားနှစ်ယောက်၊ အမျိုးသမီးတစ်ယောက်ကလာပြီးတော့ ဗုံးထောင်သွားတာ။ သိပ်မကြာဘူး ဗုံးပေါက်ကွဲမှုဖြစ်သွားတယ်။ နယူးအာရှတည်းခိုခန်းအနီးမှာ အအေးထိုင်သောက်နေတဲ့သူတွေရော၊ CS ဟိုတယ်ရှေ့မှာ ရှိတဲ့သူရော စုစုပေါင်း (၆)ဦးလောက် ဒဏ်ရာရသွားတယ်။ အဲဒီအထဲမှာ တစ်ဦးက ဆုံးသွားတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ဆက်လက်ပြောသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား (၆)ဦးအနက် တစ်ဦးသေဆုံးခဲ့သည့်အပြင် Mark II ကားတစ်စီးနှင့် Prado ကားတစ်စီး ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ထို့ပြင် CS ဟိုတယ်၏ အရှေ့တံခါးမှန် နှင့် ပထမထပ်ရှိ မှန်များသည်လည်း ပျက်စီးထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
“တာဝန်ရှိတဲ့သူတွေတော့ရောက်လာပြီ။ လူနာတင်ကားနဲ့ ကူညီပေးတဲ့သူတွေလည်း ရောက်လာပြီး ထိခိုက်တဲ့သူတွေကို ဆေးရုံကိုပို့လိုက်ကြပါပြီ။ ဗုံးကတစ်ကြိမ်ပဲပေါက်တာ။ တော်တော်ကိုပြင်းတယ်။ ဆိုင်ကယ်တစ်စီးလုံးတစ်စစီဖြစ်သွားတယ်”ဟု လားရှိုးမြို့ခံက ထပ်မံပြောသည်။
ပြီးခဲ့သည့် ကာလများအတွင်း၌ လားရှိုးမြို့ပေါ်ရှိ Sunny ဟိုတယ်ရှေ့တွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးပြီး လက်နက်ကိုင်အဖွဲ့အစည်းအချို့က လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ စက်တင်ဘာလ ၁၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပမှ သတင်းထူးများ
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း