မော်ရိုကိုနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် သေဆုံးသူဦးရေမှာ (၂ဝဝဝ)ကျော်ထိ မြင့်တက်လာ
Pika (NSS) - စက်တင်ဘာ ၁ဝ
မော်ရိုကိုနိုင်ငံတွင် စက်တင်ဘာလ(၈)ရက် ညနေပိုင်းက လှုပ်ခတ်ခဲ့သောငလျင်ကြောင့် သေဆုံးသူဦးရေမှာ အနည်းဆုံး (၂ဝ၁၂)ဦးထိ ရှိလာပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂ဝ၅၉)ဦးရှိပြီး ၎င်းတို့အနက်မှ (၁၄ဝ၄)ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ဦးရေမှာ အစောပိုင်းတွင် (၂၆၉)ဦးသာ ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပြီးနောက် သေဆုံးသူဦးရေမှာ ယခုကဲ့သို့ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
Marrakesh မြို့တောင်ဖက်ရှိ Atlas တောင်တန်းဒေသတွင် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဗီဒီယိုဖိုင်များ တွင် အဆောက်အဦးအများအပြားပျက်စီးနေသည်ကို တွေ့မြင်ခဲ့ရပြီး အချို့အဆောက်အဦးများမှာ လုံးဝပြိုကျ ပျက်စီးသွားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
ငလျင်လှုပ်ခတ်မှုကြောင့် UNESCO ကမ္ဘာ့အမွေ အနှစ်နေရာတစ်ခုဖြစ်သည့် မြို့ဟောင်း Medina ရှိ Jemaa el-Fnaa ရင်ပြင်အနီးတွင်ရှိသော ဗလီတစ်ခုလည်း ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။ အခြားဗီဒီယိုဖိုင်တစ်ခုတွင် ငလျင်လှုပ်ခတ်ပြီးနောက် ဒေသခံများ အလန့်တကြားထွက်ပြေးနေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။
အဆိုပါငလျင်သည် Al Haouz ပြည်နယ်တွင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြင်းအား (၇)မဂ္ဂနီကျူရှိကြောင်း မော်ရိုကိုနိုင်ငံ၏ အမျိုးသားဘူမိရူပဗေဒသိပ္ပံက ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါငလျင်သည် ပြင်းအား(၆ ဒသမ ၈) မဂ္ဂနီကျူရှိကြောင်း US Geological Survey (USGS) က ပြောကြားခဲ့သည်။
၂ဝဝ၄ ခုနှစ်က မော်ရိုကိုနိုင်ငံ မြေထဲပင်လယ်ကမ်းရိုးတန်းတွင် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး လူ(၆ဝဝ) ကျော် သေဆုံးကာ အခြားလူ(၉ဝဝ)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ပံကစားသမား နီကိုလက်စ်ပီပီကို စာချုပ်ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့တဲ့ အာဆင်နယ်
RELATED POSTS
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,နိုင်ငံတကာ
24 Sep 2024 | မှုခင်း,ပြည်တွင်း
24 Sep 2024 | မှုခင်း,ပြည်တွင်း