အနောက်အုပ်စုနိုင်ငံများ၏ ငွေကြေးထောက်ပံ့မှုကြောင့် ယူကရိန်းသည် အချုပ်အခြာအာဏာပိုင် နိုင်ငံမဟုတ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ်ပြော
Pika (NSS) - ဇူလိုင် ၂၉
ယူကရိန်းအစိုးရ၏ အသုံးစရိတ်များသည် အနောက်အုပ်စုနိုင်ငံများ၏ ကူညီပံ့ပိုးမှုများအပေါ် မှီခိုနေရခြင်းကြောင့် ယူကရိန်းသည် အချုပ်အခြာအာဏာ အပြည့်အဝရှိသော နိုင်ငံတစ်ခုမဟုတ်တော့ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်က ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းသို့ အကူအညီများ ဆက်လက်ထောက်ပံ့ပေးခြင်းရှိ/မရှိဆိုသည့် အချက်ကို အမေရိကန်အစိုးရကဆုံးဖြတ်နေခြင်းဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။ ဗစ်တာအော်ဗန်က"အမေရိကန်တွေဟာ ငွေကြေးခြယ်လှယ်ချုပ်ကိုင်မှု အမျိုးမျိုးနဲ့ ငွေကြေးအများအပြားကို ထုတ်ယူနိုင်ပေမယ့် ယူရိုငွေကြေးကတော့ အဲဒီလိုမဟုတ်ပါဘူး"ဟုပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံသားများသည် စစ်ပွဲဒဏ်ကိုခံစားခဲ့ရသည်မှာ အမှန်ဖြစ်သော်လည်း အနောက်အုပ်စုနိုင်ငံများအပေါ် မှီခိုအားထားနေရမှုကြောင့် လက်ရှိပဋိပက္ခကို ယူကရိန်းပဋိပက္ခဟု ခေါ်ဆို၍မရနိုင်ကြောင်း ဗစ်တာအော်ဗန်က ပြောကြားခဲ့သည်။ ကိုယ်ပိုင်အသုံးစရိတ်ကို မရှာနိုင်သော နိုင်ငံသည် ကူညီပံ့ပိုးမှုများလုပ်ဆောင်ပေးသော နိုင်ငံများထံ ၎င်း၏အချုပ်အခြာအာဏာကို လွှဲပြောင်းပေးရကြောင်း ဗစ်တာအော်ဗန်က ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းက"ယူကရိန်းနိုင်ငံသားတွေမှာ အားအင်တွေမရှိတော့ပါဘူး။ယူကရိန်းနိုင်ငံသားတွေကို ဆက်လက်အသက်ရှင်အောင် လုပ်ပေးမည့်တစ်ခုတည်းသောအရာက အနောက် အုပ်စုနိုင်ငံတွေက ကူညီပံ့ပိုးပေးမယ့် ငွေကြေးပါပဲ"ဟုပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ၌ လာမည့်နှစ်တွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ အပြောင်းအလဲများရှိလာနိုင်မည်ဟု ထင်မိကြောင်း ဗစ်တာအော်ဗန်ကပြောကြားခဲ့သည်။ ၎င်းက"ဥရောပမှာ ငြိမ်းချမ်းရေးရယူဖို့ နိုင်ငံရေးသမားတွေကို လူထုအုပ်စုတွေက ဖိအားပေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ခေါင်းဆောင်မှု မူဝါဒတွေက ရေရှည်မှာဆန့်ကျင်ဖက်ဖြစ်နေလို့မရပါဘူး"ဟုပြောဆိုခဲ့သည်။
ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်ထောက်ခံသော ဟန်ဂေရီနိုင်ငံ၏ ရပ်တည်ချက်ကိုလည်း ၎င်းကထပ်မံပြောကြားခဲ့ကြောင်းသိရသည်။ ဥရောပသမဂ္ဂသည် ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့သော ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးအကျပ်အတည်းများနှင့်ရင်ဆိုင်နေရကြောင်း ၎င်းကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆော်ဒီအာရေးဗျကလပ်သို့ ပေါင်သန်း(၃၀)ဖြင့် ပြောင်းရွှေ့ခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်
RELATED POSTS
04 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
02 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ