ဖားကန့်မြို့နယ်၌ ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ အလောင်းစွန့်ပစ်
NSS - ဇူလိုင် ၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ရှင်းရင်ဟိုတယ်ပိုင်ရှင်အမျိုးသမီးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီးနောက် သတ်ဖြတ်အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ ဖွင့်လှစ်ထားသည့် ရှင်းရင်ဟိုတယ်(Shin Yin Hotel)၏ ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူသန့်အား လက်နက်ကိုင်အဖွဲ့က ယမန်နေ့(ဇူလိုင်လ ၈ ရက်)၊ ည ၉ နာရီအချိန်ခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ယနေ့(ဇူလိုင်လ ၉ ရက်)၊ နံနက် ၇ နာရီအချိန်ခန့်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ဒေါ်ဖြူဖြူသန့်၏ ရုပ်အလောင်းကို ဆိုင်းတောင်ကျေးရွာဟောင်းရှိ ကတ္တရာလမ်းမတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများက ပြောဆိုထားသည်။
ရှင်းရင်ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဒေါ်ဖြူဖြူသန့်သည် သေနတ်ဖြင့် (၄)ချက်ထက်မနည်း ပစ်ခတ်ခံခဲ့ရကာ အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါ ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ NP News အနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသည့် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းထံ ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “အဲဒီကိစ္စက သတင်းတွေတော့ တက်နေတယ် ။ ဘယ်လိုမျိုးဖြစ်လဲဆိုတာတော့ အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူး။ PDF လား၊ KIA လား တစ်ဖွဲ့ဖွဲ့ဖြစ်မှာပေါ့နော်။ ဖမ်းခေါ်သွားပြီးတော့ သတ်ပစ်လိုက်တယ်လို့ အကြမ်းဖျင်းတော့ သိရတယ်။ အလောင်းပုံတွေ၊ ဘာတွေလည်း လိုင်းပေါ်မှာ တွေ့နေတာတွေရှိတယ်။ ကျွန်တော်တော့ အဲဒီလောက်ပဲ သိထားပါတယ်” ဟု ပြောကြားခဲ့သည်။
အလားတူ ပြီးခဲ့သည့် လပိုင်းအတွင်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ သံယောဇဉ်နန်းတော် KTV ပိုင်ရှင်ဖြစ်သူ ဒေါ်သီတာ ဆိုသူသည်လည်း လက်နက်ကိုင်အဖွဲ့တစ်ခု၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၂ဂိုး၊ ၁ဂိုး ဖြင့် အနိုင်ရရှိ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ