အမေရိကန်အခြေစိုက် Pact Myanmar ချေးငွေလုပ်ငန်း ယခုလကုန်၌ လုပ်ငန်းပိတ်သိမ်းမည်
ယွန်း (NSS) - ဇွန် ၂၇
အမေရိကန်အခြေစိုက် အသေးစားချေးငွေလုပ်ငန်းဖြစ်သည့် Pact Myanmar သည် ယခုဇွန်လကုန်တွင် လုပ်ငန်းပိတ်သိမ်းပြီး အသင်းသားများ၏ ချေးငွေများကို အပြီးပိုင်လျှော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Pact Global Microfinance Fund (PGMF) မှ ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
PGMF ၏ အသွင်ကူးပြောင်းရေးအစီအစဥ်အရ ဖွဲ့စည်းဖြစ်ပေါ်လာမည့် စီးပွားရေးအဖွဲ့အစည်းအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တောင်းဆိုမှုများကြောင့် Pact Myanmar သည် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ဆောင်နေသည့် အဖွဲ့အစည်းအဖြစ်မှ ယခုလကုန်(ဇွန်လ ၃ဝ ရက်)အတွင်း မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ စီးပွားရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခြင်းမရှိပါက Pact Myanmar သည် လုပ်ငန်းကို တရားမဝင် လုပ်ဆောင်သကဲ့သို့ ဖြစ်မည်ဖြစ်သောကြောင့် အခြားရွေးချယ်စရာနည်းလမ်းမရှိတော့ဘဲ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်နေသည့် ငွေရေးကြေးရေးလုပ်ငန်းကို ပိတ်သိမ်းရန် စီစဥ်လိုက်ခြင်းဖြစ်ကြောင်း Pact Myanmar မှ သိရသည်။
ထို့ပြင် ချေးငွေချေးယူထားသည့် အသင်းသားတစ်ဦးစီ၏ ချေးငွေလက်ကျန်များကို ၎င်းတို့၏ စုဆောင်းငွေလက်ကျန်များမှ နှုတ်ယူသွားမည်ဖြစ်ပြီး အသင်းသားများ၏ စုဆောင်းငွေလက်ကျန် မရှိတော့ဘဲ ချေးငွေလက်ကျန်ရှိနေပါက အဆိုပါ ချေးငွေလက်ကျန်ကို ကောက်ခံခြင်းမပြုဘဲ လျှော်ပစ်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ အသင်းသားများအနေဖြင့် ကျန်ရှိနေသည့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar အပါအဝင် အခြားမည်သူမဆို လာရောက်တောင်းခံပါက ပေးဆောင်ရန် လုံးဝမလိုကြောင်း Pact Myanmar မှ အသိပေးပြောဆိုထားသည်။
Pact Myanmar သည် အမေရိကန်နိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသည့် NGO အဖွဲ့အစည်းဖြစ်ကာ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပနိုင်ငံ (၂၅) နိုင်ငံတို့၌ ကျေးလက်ရှိ အခြေခံပြည်သူများအား ငွေချေးပေးခြင်းလုပ်ငန်းများကို အဓိက ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
၎င်းကို မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် (၁၉၉၇) ခုနှစ်မှစ၍ ရုံးခန်းဖွင့်လှစ်ကာ စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် နိုင်ငံအနှံ့ ဝန်ထမ်းပေါင်း ၄,ဝဝဝ ကျော်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာခင်း၌ တောင်ယာလုပ်ကိုင်နေသည့် အမျိုးသား(၂)ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်မှု တောင်သာမြို့နယ်၌ ဖြစ်ပွား
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း