အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အပါအဝင် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများတွင် ဆုရခဲ့သူများကို နိုင်ငံတော်မှ ငွေကျပ်သိန်း(၁)သောင်းကျော် ဆုချီးမြှင့်
ယွန်း (NSS) - ဇွန် ၁၈
(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများတွင် ဆုရခဲ့သူများကို နိုင်ငံတော်မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း နစကထံမှ သိရသည်။
အဆိုပါ အခမ်းအနားကို ဇွန်လ(၁၇)ရက်က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက်အားကစားပြိုင်ပွဲ၌ မြန်မာ နိုင်ငံအနေဖြင့် အားကစားသမား(၆၉)ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခုအပါအဝင် စုစုပေါင်း ဆုတံဆိပ်(၄၃)ခုနှင့် နိုင်ငံအလိုက်ရပ်တည်မှု အဆင့်(၆)ရရှိခဲ့ကြောင်း သိရသည်။
ယခုကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် အားကစားနည်း(၈)နည်းကို အားကစားသမား(၈၂)ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၅)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ်(၁၉)ခု စုစုပေါင်း ဆုတံဆိပ်(၅၆)ခု ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြိုင်ပွဲဝင်(၁၁)နိုင်ငံအနက် အဆင့်(၆)ရရှိခဲ့ကြောင်း နစကမှ ဆိုထားသည်။
အလားတူ ဇွန်လ(၈)ရက်မှ (၁၂)ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ကျွန်းတွင် ပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက်(ဖိတ်ခေါ်) အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံခိုင်မှုပြိုင်ပွဲကိုလည်း မြန်မာနိုင်ငံမှ ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြန်မာ အပါအဝင် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှား စုစုပေါင်း(၈)နိုင်ငံမှ အားကစားသမား အယောက်(၈ဝ)မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
၎င်းပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်သုံးခု စုစုပေါင်း ဆုတံဆိပ်(၇)ခုကို ထပ်မံရယူပေးနိုင်ခဲ့ကြောင်း နစကမှ သိရသည်။
ဆုရရှိသူများအနက်မှ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သူများကို နိုင်ငံတော်မှ ငွေကျပ်သိန်း(၃ဝဝ)၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၂ဝဝ)နှင့် ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၁ဝဝ) ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အသင်းလိုက်ပြိုင်ပွဲများတွင် ကြေးတံဆိပ်ရရှိခဲ့သည့် အသင်းသားတစ်ဦးလျှင် ငွေကျပ်(၃၅)သိန်းနှင့် အားကစားနည်းအလိုက် တာဝန်ယူခဲ့သည့် နည်းပြများနှင့် အုပ်ချုပ်သူများကို ၎င်းတို့၏ အားကစားနည်းများအနက်မှ ရွှေတံဆိပ်ရရှိမှုအတွက် ငွေကျပ်သိန်း(၁ဝဝ)၊ ငွေတံဆိပ်ရရှိခဲ့မှုအတွက် ငွေကျပ်သိန်း(၅ဝ)နှင့် ကြေးတံဆိပ်ရရှိခဲ့မှုအတွက် ငွေကျပ်သိန်း(၃ဝ) စီပေးအပ်ခဲ့ရာ စုစုပေါင်းချီးမြှင့်ငွေကျပ် (၁၂၂၉၅)သိန်းဖြစ် ကြောင်း နစကမှ ဆိုသည်။
အလားတူ (၁၇)ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၁ဝဝ)၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၇ဝ)၊ ကြေးတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၅ဝ) အပါအဝင် နည်းပြများနှင့် အုပ်ချုပ်သူများကို ငွေကျပ်သိန်း(၅ဝ)စီ ထပ်မံချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်မှ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် (၁၇)ကြိမ်မြောက် ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲများတွင် ဆုရခဲ့သူများကို ဂုဏ်ပြုဆုငွေစုစုပေါင်း ငွေကျပ်သိန်း(၁၂၈ဝ၅) ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာကေတမြို့နယ်၌ ကားတစ်စီးက အရှိန်လွန်ကာ ဆိုင်ခန်းတစ်ခုအားဝင်တိုက်ခဲ့ရာ ဆိုင်အတွင်းအိပ်ပျော်နေသူ ထိခိုက်ဒဏ်ရာရရှိခဲ့