Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)

သုတကျော် (NSS) - စက်တင်ဘာ ၁၈


ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့ကြီးတစ်မြို့ဖြစ်သော လားရှိုးမြို့သည် ယခုအခါ MNDAA ၏ထိန်းချုပ်မှုအောက်တွင်ရှိနေကာ အစစအရာရာ ကျပ်တည်းမှုများရှိနေသည်။ ထို့ပြင် မြိုသို့ ပြန်လည် နေထိုင်သူလည်းနည်းပါးနေပြီး အများစုက မြို့သို့ မပြန်လိုကြပေ။ လားရှိုးမြို့သို့ ပြန်လည်နေထိုင်သူများ အတွက်လည်း မလုံခြုံမှုကိုခံစားနေရသည့်အပြင် ဗမာလူမျိုးနှင့် ရှမ်းလူမျိုးများကိုလည်း မျက်စိဒေါက် ထောက်ကြည့်နေသည်ဟု ဆို၏။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့မှ မကြာသေးမီကာလက တိမ်းရှောင်လာခဲ့သူတစ်ဦးထံ The Statesman Journal ကမေးမြန်းထားသည်များကို NSS က ထပ်ဆင့်ဖော်ပြအပ်ပါသည်။ 

မေး - အရင်ဆုံးမေးချင်တာက ဘာကြောင့် လားရှိုးမြို့ကနေ ထွက်ခဲ့တာပါလဲခင်ဗျာ။ 

ဖြေ - ပထမတစ်ချက်ကတော့ ကိုယ့်လူမျိုးမဟုတ်တဲ့ သူပုန်အောက်မှာ မနေချင်လို့။ ဘယ်လိုမှကို မနေချင်လို့ ထွက်လာတာ။ နောက်တစ်ခုကတော့ သူတို့လက်အောက်မှာနေရင်၊ အနက်ရောင် နယ်မြေ မှာနေရင် တပ်ကလည်း အချိန်မရွေးပြန်လာနိုင်တယ်။ အဲဒါလည်း ပါတယ်။ ပြီးရင် စီးပွားရေး၊ လူမှုရေး တွေရော ဘာမှအဆင်မပြေတဲ့အတွက် တော်တော်များများကတော့ ထွက်လာကြတာများပါတယ်။ 

မေး - MNDAA အောက်မှာ လားရှိုးမြို့အခြေအနေက ဘယ်လိုရှိနေပါသလဲ။ 

ဖြေ - အရေပြား အယားပြေရုံလောက်တော့ နေလို့ရတာပေါ့။ ကျန်တဲ့ဟာ ဘာမှလုပ်လို့မရဘူး။ နေလို့ တော့ရတယ်။ စီးပွားရေးလည်း လုပ်လို့မရဘူး။ ကျန်တာကတော့ သူတို့သဘောပဲ။ သူတို့အောက်မှာပဲနေ ရတာပေါ့။ ကျွန်တော်လည်း လားရှိုးမှာ ကြာကြာသွားနေလိုက်သေးတယ်။ ရက် (၂၀)၊ (၂၅) ရက်လောက် နေသေးတယ်။ အဲဒီအတွင်းမှာတော့ လူစာရင်း ဘာညာတော့လာကောက်တယ်။ သူတို့နေချင်တဲ့ အိမ်ဆို ရင်ဖယ်ပေးရတယ်။ အဲဒီလိုမျိုးတွေရှိတယ်။ 

မေး- စီးပွားရေး လုပ်မရဘူးလို့ ပြောတော့ ဘယ်လို ကန့်သတ်ထားတာတွေ ရှိနေလို့လဲ။ 

ဖြေ- ဘယ်လိုပုံမှတော့ မကန့်သတ်ထားဘူး။ အခြေခံ စားသောက်ကုန် ဆန်တို့၊ ဆီတို့ စားစရာ ရောင်းတာလောက်ပဲ လည်ပတ်တာ။ ကျန်တာက ဘာမှလုပ်လို့ မရဘူး။ အစစအရာရာ ခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးကအစ အစစအရာရာပေါ့။ သူတို့လက် အောက်မှာမနေချင်တဲ့သူ တော်တော် များများကလည်း ထွက်လာတာဆိုတော့ မြို့မှာရှိတဲ့ လူအင်အားနဲ့က စီးပွားရေးလုပ်လို့ ဘယ်လိုမှ အဆင်မပြေဘူးဗျ။ ကျွန်တော်ထင်တယ်။ လူက နှစ်ထောင်၊ သုံးထောင် လောက်ပဲရှိမယ်။ တစ်မြို့လုံး ပေါင်းရင်ပေါ့။ ကျွန်တော်နေခဲ့တဲ့ရပ်ကွက်ဆို အိမ်ခြေစုစုပေါင်း အနားမှာတင်ကိုပဲ အိမ်ခြေ ငါးဆယ်ပဲ ထားပါတော့။ ပြန်လာတဲ့သူက အိမ်နှစ်ဆယ်တောင်မပြည့်ပါဘူး။ အဲဒီလိုလူတွေကလည်း အိမ်စောင့်ပဲ ခဏပြန်လာတာ။ ပြီးရင် ပြန်သွားတာပဲ။ မနေကြပါဘူး။ 

မေး - အစ်ကိုက လားရှိုးမှာ MNDAA  ထိန်းချုပ်ပြီးတဲ့နောက် ရက်တော်တော်ကြာကြာလေး ပြန်နေခဲ့တာ ဆိုတော့ စစ်မဖြစ်ခင် အခြေအနေနဲ့ အခုအခြေအနေ ဘယ်လို ကွာသွားတယ်လို့မြင်မိလဲ။ 

ဖြေ - ကွာတာပေါ့ဗျာ။ အစစအရာရာ ကွာတယ်။ သူတို့က ခုနကပြောသလို နေချင်သလိုနေတယ်။ သူ တို့အတွက်၊ သူတို့က ဒီမိုကရေစီအတွက် တိုက်တယ်ဆိုတော့ သူတို့ ဒီမိုကရေစီရသွားတာပေါ့။ MNDAA တွေက နေချင်တိုင်းနေ၊ လုပ်ချင်တိုင်းလုပ်။ ကားတွေ ဆိုရင်လည်း ကျွန်တော့်အိမ်ဝင်တယ်ဆိုပါတော့။ ကားရှိတယ်ဆို ယူသုံးချင်သုံးတာ။ ပြီးရင်လည်း ပြန်ပေးချင်မှပေးတာ။ မပေးရင်လည်း ပြန်ပြောလို့ မရဘူး။ ကျောမလုံဘူးပေါ့ဗျာ။ အစစအရာရာပေါ့။ ကျွန်တော်ကတော့ ဒီကောင်တွေကို ကြည့်လို့ ကိုမရဘူး။ 

မေး - လားရှိုးမှာ ဗမာစကားကော ပြောလို့ ဆိုလို့ ပေါက်သေးလား။ ပြီးတော့ MNDAA  ရဲ့ လူထုစည်း ရုံးရေးနည်းကိုကော သဘောကျလား။ ဘယ်လိုမြင်ပါသလဲ။ ဘယ်လို စည်းရုံးနေတာတွေ့မိခဲ့လဲ။ 

ဖြေ- ဒီကောင်တွေစည်းရုံးတာက (၂၁) အခင်းအကျင်းနဲ့ မှီငြမ်းပြီးစည်းရုံးတယ်။ စစ်ကောင်စီ ဘာညာ သုံးပြီး စစ်ကောင်စီကင်းစင်နယ်မြေပေါ့ဗျာ။ လာမတိုက်တော့ဘူးပေါ့။ ဒီလိုမျိုးပြောတယ်။ နောက်တစ် ခုက ဘယ်လိုတွေလုပ်ပေးမယ်ပေါ့။ အခွင့်အရေးတွေ ပေးမယ်ပေါ့ဗျာ။ ဆိုင်ခန်းတွေဆိုလည်း မဲနှိုက်ပြီး မဲ ကျတဲ့သူကို ဆိုင်ခန်းတွေပေးမယ်ပေါ့။ ဒီလို စည်းရုံးတာရှိတယ်။ ဗမာစကားကတော့ လားရှိုးမြို့က MNDAA  အငယ်ပိုင်းတွေကတော့ ဗမာစကားတတ်တယ်။ အကြီးပိုင်းတွေကတော့ လုံးဝမတတ်ဘူး။ စကားပြန်နဲ့သွားတာ။ အခု ဟောပြောပွဲ၊ ဆွေးနွေးပွဲဆို စကားပြန်နဲ့သွားတာ။ အောက်ကကောင်တွေ ကတော့ ထမင်းစားရေသောက်တော့တတ်တယ်။ ဈေးဝယ်တာ ဘာညာ ဗမာစကားပြောပြီး ဝယ်ကြ တယ်။ 

မေး- လတ်တလောပေါ့နော်။ လက်နက်ကိုင်တွေ ထိန်းချုပ်သွားတဲ့နယ်မြေတွေမှာ ဒလန်ဆိုပြီး ဖမ်းတာ၊ နှိပ်ကွပ်တာတွေ မြင်နေရတာပေါ့။ လားရှိုးမှာ ကောဗျ။ 

ဖြေ - ရှိတယ် အစ်ကို။ 

မေး - ဒလန်နှိမ်နင်းတယ်ဆိုတာကို ဘယ်လို မြင်ခဲ့၊ ကြားခဲ့ရတာ ရှိလဲ။ 

ဖြေ - ဒလန်နှိမ်နင်းတယ်ဆိုတာက သူတို့ ဒလန်ဆို ပြီး ကြည့်တဲ့အကြည့်ကတော့ ဗမာလူမျိုးတွေကို အဓိကထားပြီး ကြည့်တာပဲ။ သူတို့နဲ့ တိုက်ပွဲဖြစ်တာနဲ့ အနီးစပ်ဆုံး၊ ဗုံးကြဲခံရတာနဲ့အနီးစပ်ဆုံးက လူ ဖြစ်ဖြစ်၊ သူတို့မကြည်တော့ဘူးဆိုရင် ဗမာလူမျိုးထဲက တစ်ယောက်ယောက်ကို အထင်နဲ့ဆွဲစိမှာပဲ။ တပ်က ဘယ်လိုပဲသတင်းရလို့ ကြဲကြဲ ကျွန်တော်တို့ခံရမှာ။ အဲဒါကြောင့်လည်း ထွက်လာတာပါတယ်။ အချိန်မရွေး ကျွန်တော်တို့ခံရနိုင်တယ်ပေါ့။ တော်တော်များများ ဗမာတွေလည်း ရှောင်လာကြပါပြီ။ 

မေး - လားရှိုးမှာ ဗမာတွေက ပိုပြီး မဲတာကို ခံနေရတယ်ဆိုတဲ့ သဘောလား။ 

ဖြေ - ဟုတ်တယ်ဗျ။ ဗမာနဲ့ရှမ်းပေါ့ဗျာ။ ဗမာက အများဆုံးခံရတာ။ ဒီထဲမှာ MNDAA  ဝတ်စုံဝတ်ပြီး ပလောင်လည်းပါတယ်။ ဗမာ PDF လည်းပါတယ်လေ။ ဗမာ PDF ကတော့ နည်းတယ်။ အကြီးပိုင်း လောက်ပဲရှိတယ်။ ပလောင်နဲ့ကိုးကန့်က ဗမာနဲ့ ရှမ်း ကို မဲတာပေါ့။ ပလောင်ကတော့ ရှမ်းကိုမဲတာပေါ့။ ကိုးကန့်ကတော့ ဗမာကို မဲတာပေါ့။ ဒါမျိုးတွေရှိတယ်။ ကျွန်တော်တို့ စစချင်းသွားတဲ့နေ့ကဆို ကိုးကန့် စစ် သမီးတွေ စနိုက်ပါတွေ တလွယ်လွယ်နဲ့။ ကျွန်တော်ကတော့ ခပ်ပြောင်ပြောင်ပဲ ကိုယ့်အိမ်ကိုယ် ပြန်လာတာ ဆိုတော့။ သူတို့ကိုလည်း ခပ်တင်းတင်းပဲ ကြည့်တာပဲ။ စနိုက်ပါတကားကားနဲ့ ပတ်သွား နေတာ။ 

မေး - ဆိုတော့ နောက်ဆက်တွဲမေးစရာရှိတာက အဲဒီကိုသွားတဲ့အခါ လုံခြုံမှုကိုခံစားရလား။ 

ဖြေ- မခံစားရဘူး။ နောက်ကျောမလုံဘူး။ ဘယ်အချိန် ကိုယ့်ခြံတံခါးကို ခေါက်မလဲပေါ့။ ခေါက်ရင်တော့ သေချာပေါက် အစစ်မေးခံရမှာပဲ။ စစ်ဆေးခံရရင် ကိုယ့်ဟာကိုယ် ဘယ်လိုပဲ ပြစ်မှုကင်းရှင်း၊ ကင်းရှင်း သူတို့က ဒလန်လို့ သတ်မှတ်ရင် ဒလန်ပဲ။ ပစ်သတ်သွားလဲ ဘယ်သူမှ ကျွန်တော်တို့ကို ဥပဒေအရ ကြည့် ပေးနိုင်မှာမဟုတ်ဘူး။ သူတို့တပ်သားအဆင့်က ဘယ်ကောင့်ကိုသတ်သတ် တစ်ခုအကြောင်းပြတာနဲ့ ပြီးသွားပြီ။ ဘာမှမဟုတ်ဘူး။ ပြီးတော့ ကိုးကန့် အောက်ခြေစစ်သားကောင်တွေက ညညဆို သူတို့ ကောင်မလေးတွေဘာတွေခေါ်ပြီး သူတို့ကြိုက်တဲ့အိမ် သွားနေတာလည်းတွေ့တယ်။ သေနတ်တကား ကားနဲ့ ကောင်မလေးတွေတင်ပြီး ညနေညနေ သွားနေကြတာလည်း တွေ့တယ်။ သူတို့ ကြိုက်တဲ့အိမ်၊ ခမ်းခမ်း နားနားရှိတဲ့အိမ်က သူတို့နေတယ်။ ရုံးထိုင်ချင် ထိုင်တယ်။ 

မေး- သူတို့ကတော့ အရပ်ဘက်အုပ်ချုပ်ရေးဖော် ဆောင်တယ်ဆိုတယ်။ ဘယ်လိုမြင်လဲ။ 

ဖြေ- အားရကျေနပ်မှု ဘယ်လိုမှမရှိပါဘူး။ သူက ဘယ်လိုပြောမလဲ အရင်တုန်းက အစိုးရလုပ်သွားတဲ့ ပုံစံကို အခု ပြန်တိုက်ပြီးတော့ ဒီပုံစံပဲသွားတာပါပဲ။ ပြောင်းတယ်ဆိုရင်လည်း နည်းနည်းပေါ့။ သူတို့ရဲ့ တရားဥပဒေစိုးမိုးရေး၊ သူတို့ရဲ့ တရားဥပဒေဆိုတာလည်း ဘယ်လိုမှခံစားလို့ မရဘူး။ မခံစားမိဘူး။ ကျောကိုမလုံဘူးဗျာ။ ကိုယ့်မြို့ကိုယ်ဝင်ရတာပဲဗျာ စိတ်ချမ်းသာတယ်။ ဒါပေမဲ့ ကျောမလုံဘူး။ 

မေး- အခုနောက်ပိုင်းကာလ လားရှိုးမှာ ဖောက်ထွင်းတာတွေ မပပျောက်ဘူးလို့ သိရပါတယ်။ ဟုတ်ပါသ လား။ 

ဖြေ- မပပျောက်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့အတွက်က ဘတ်ဂျက်လိုတယ်လေ။ အောက်က ကိုး ကန့်တွေက ဆေးသုံးတယ်လေ။ လားရှိုးမှာ အလုပ်ဖြစ်နေတဲ့သူ နှစ်မျိုးရှိတယ်လေ။ သူခိုးနဲ့ဘိန်းဝယ် ပေးတာ။ အရင်တုန်းက လမ်းမှာ အိတ်ကလေးတွေနဲ့ ဟိုဟာကောက်၊ ဒီဟာကောက် ကောက်တဲ့ကောင် တွေက အခုချမ်းသာနေတာပဲ။ ဘာလို့လဲဆိုတော့ ကိုးကန့်တွေက ပိုက်ဆံပေးပြီးဆေးဝယ်ခိုင်းတာ။ ဝယ် ခိုင်းတော့လည်း ကိုးကန့်တွေက ဗမာပိုက်ဆံကို မသုံးတတ်ဘူး။ ပေးတယ်ဆိုရင် ပေးချင်သလောက် ပေး လိုက်တာ။ တစ်သိန်းဆိုလည်း ပေးလိုက်တာပဲ။ ဆေးဝယ်ပေးတာ နည်းနည်း၊ သူတို့ ပေးလိုက်တာက များများ အဲဒီလိုမျိုးတွေလည်း ရှိတယ်။ ငွေကြေးလိုအပ်ချက်က အများကြီး ဖြစ်တယ်။ လားရှိုးဆိုတာ ကလည်း လူဦးရေတောင် သိန်းနဲ့ချီပြီးရှိတာဆိုတော့ အိမ်တွေက အများကြီးပဲ။ ဘယ်လောက် ဖောက် ဖောက် အိမ်တွေက ကုန်မှာမဟုတ်ဘူးဗျ။ အဲဒီတော့ သူတို့ကတစ် အိမ်ပြီးတစ်အိမ်ဖောက် နေကြမှာပဲ။ သူတို့အသုံးရတယ်လေ။ သူတို့ကတော့ ပြန်လာစေချင်တာဗျ။ မြို့ အဝင်တို့၊ စစ်ဆေးရေး ဂိတ်တွေ ရှိတယ်။ အဲဒီလိုမျိုး ကျရင် လားရှိုးအဝင်ဆို အရမ်းကြိုဆိုတာ။ ပြုံးပြတာ အထိတောင် လုပ်တယ်ဗျ။ အဝင်ကတော့ ဒီကောင်တွေ တော်တော်ကြိုဆိုတာ။ ဝင်ရင်ကို ပျော်နေတာ။ တပ်က လူတွေကကျတော့ ထွက်ရင်ကိုပျော်နေတာ။ ကျွန်တော် လားရှိုးကထွက်ခဲ့တာပါဗျ ဆိုရင် အေး ကောင်း တယ် ကောင်းတယ် ထွက်ထွက် အဲဒီလိုမျိုး။ ကိုးကန့်ကကျတော့ ဝင်လာရင် ပြုံးပြုံးကြီး။ တချို့ ဂိတ်ဆို မှတ်ပုံတင်တောင် မစစ်ဘူး။ အခုတော့ ကိုး ကန့်တွေက ပြန်ကြပ်တယ်ပြောတယ်။ 

မေး- လားရှိုးမှာ ခိုးရာပါပစ္စည်းတွေ ပြန်ရောင်းတဲ့ သူခိုးဈေးကွက်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေကကော ဘယ်လိုရှိပါသလဲ။ 

ဖြေ- ပစ္စည်းတွေကတော့ သူခိုးဈေးကွက်မှာ ကား ဈေးကွက်အထိ ရှိတယ်။ တွေ့ရင်တောင် ပြန်ယူဖို့က ကိုယ့်ပစ္စည်းတောင် မလွယ်ပါဘူး။ တော်တော်များများ ခိုးတဲ့သူက ပလောင်ပါတယ်၊ ကိုးကန့်ပါတယ်။ ဗမာ တို့ ရှမ်းတို့တောင်မပါသလောက်ပဲ။ ပစ္စည်းတွေ ပြန် ရောင်းတာတွေ့တာလေ။ ပြန်တောင်း ရင်တောင် MNDAA  အောက်ခြေနဲ့ အပေးအယူ လုပ်ထားတာကိုး။ အဟောင်းဈေးတန်းဆိုပြီး ရှိနေတာ။ 

မေး - အစ်ကိုသွားခဲ့တုန်းက အတွေ့အကြုံပေါ့လေ။ အဲဒီမှာ နေခဲ့တဲ့ ရက် (၂၀)ကျော်ကာလအတွင်း လား ရှိုးမြို့ရဲ့ ပြောင်းလဲသွားတဲ့ပုံစံကို မြင်ရတဲ့အခါ ဘယ်လိုခံစားရလဲ။ 

ဖြေ - အရာရာ ခြောက်ကပ်သွားတာ။ စသွားတုန်းက စိတ်ချောက်ချားစရာကြီး။ အရင်လ (၇) ရက်နေ့ လောက်က သွားတာ။ လူသိပ်မရှိဘူး။ နည်းတယ်။ လူနည်းတော့ တစ်မြို့လုံးအတိုင်းအတာနဲ့ ချောက် ချားစရာကြီး။ ကျွန်တော်တို့ အိမ်အနားဆို လူရှိတာ ကျွန်တော်တို့တစ်အိမ်ပဲရှိတယ်။ ကျွန်တော်လည်း သူခိုး ခိုးမှာစိုးလို့သွားတာ။ စိတ်လည်း ချောက်ချားသလို သရဲလည်းခြောက်တယ်။ ပုပ်စော်တွေ နံဟောင် ပြီး ချောက်ချားကြောက်စရာကြီး။ ညနေလေး နာရီလောက်ဆိုရင်ကိုပဲ ချောက်ချားစရာကောင်းနေပြီ။ ခွေးတွေကလည်း သွားချင်တာတွေသွား၊ စား ချင်တာတွေစားထားတော့ အနံ့အသက်ကတော့ အဆင် မပြေဘူး။ အခု ပစ္စည်းပြန်ယူတဲ့သူတွေလည်း ရှိလာတော့ ဒါတွေကပျောက်သွားပြီ။ ကျွန်တော်သွားတုန်း ကတော့ ဘယ်လိုမှအဆင်မပြေဘူး။ ကျွန်တော်က သိပ်မကြောက်တတ်လို့သာ။ မြို့ထဲမှာ ကြီးကြီး မားမား ပျက်စီးတာမရှိဘူး။ ရပ်ကွက်(၅)တို့ ရပ်ကွက် (၇)တို့ တိုင်းရုံးနားတော့ ပျက်စီးတာပေါ့။ မြို့မဈေး ပတ်ချာလည်ကတော့ပုံမှန်ပါပဲ။ တအားပျက်စီးတာတော့ မရှိပါဘူး။ 

မေး - အစ်ကို့အနေနဲ့ MNDAA  လက်အောက်မှာ မနေချင်လို့ တခြားနေရာကို ပြောင်းလာတယ်ပေါ့လေ။ အပြီးပြောင်းတာလား။ ဘယ်လို ဆုံးဖြတ်ထားပါသလဲ။ 

ဖြေ-တပ်ကပြန်မယူရင် အပြီးသတ်ဖြစ်သွားနိုင်တယ်။ အခုကတော့ ကျွန်တော် လုံးဝပြန်ဖို့ အစီအစဉ် မရှိပါဘူး။ ပစ္စည်းတွေယူခဲ့ပြီ။ ဝိုင်းနဲ့အိမ်အခွံပဲကျန်မှာပေါ့။ ဒီဘက်မှာပဲ အဆင်ပြေသလို လုပ်စားမှာပေါ့။ တပ်က ပြန်မယူရင် ပြန်ဖို့အစီအစဉ် လုံးဝမရှိတော့ပါဘူး။ 

မေး - လူတွေက ဇာတိမြေကိုတော့ ချစ်ကြတယ်လေ။ ဆိုတော့ ကိုယ့်ဇာတိကို လုံးဝစွန့်ခွာခဲ့တဲ့လူတစ် ယောက်အနေနဲ့ ခံစားချက်က ဘယ်လိုရှိလဲ။ 

ဖြေ- ဘယ်ကောင်းမလဲဗျာ။ စိတ်ထဲဘယ်ကောင်းမလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်လေး ကတည်းကနေလာတာဆိုတော့ သံယောဇဉ်လည်းရှိတယ်။ လားရှိုးမှာ ထူးခြားချက်က ရာသီဥတု အနေအထားရော၊ စီးပွားရေးရောက အစစအရာရာ အဆင်ပြေတယ်ဗျ။ တော်တော်ကို အခြေအနေ ဆိုးတဲ့ အခြေအနေမှာတောင် လားရှိုးက သူ့ဟာနဲ့သူအလုပ်ဖြစ်တယ်ဗျ။ အခု ဒီကောင်တွေအုပ်ချုပ်မှ စီးပွားရေးက လုံးဝရပ်တန့်သွားတာ။ တိုက်ပွဲဖြစ်နေတဲ့ကာလထဲမှာတောင် သူ့ဟာနဲ့သူ အဆင်ပြေနေ သေးတယ်။ ဒီကောင်တွေဝင်လာပြီးသိမ်းမှ အခုလို ဖြစ်သွားတာ။ မြို့အနေနဲ့ကတော့ ကျွန်တော်တို့က နေလို့မကိုက်တော့ဘူး။ ဒလန်ဆိုပြီး အချိန်မရွေးလုပ်နိုင်တယ်လေ။ တော်တော်များများကတော့ အဲဒီ ယူဆချက်နဲ့ မနေကြတာများတယ်ဗျ။ 

မေး- အစ်ကို့လို မြို့ကို အပြီးသတ်စွန့်ခွာခဲ့သူအရေ အတွက်ပမာဏက မြို့နေလူထုရဲ့ ဘယ်လောက်ရာ ခိုင်နှုန်းလောက်ရှိမယ်ထင်လဲ။ သူတို့ယူဆချက်ကကော အစ်ကို့လိုပဲလား။ 

ဖြေ- ဟုတ်တယ်ဗျ။ တော်တော်များများ မြို့ကိုခွာတဲ့ အချက်တွေက တူတယ်။ လူမျိုးစွဲအနေနဲ့ရော သူတို့ လက်အောက်မှာ မနေချင်တာရော၊ အနီဘက်က လူတွေဆိုရင်တောင် မနေရဲဘူးဗျ။ ဗမာဖြစ်နေလို့ မနေရဲဘူး အဲဒီလိုမျိုးတွေရှိတယ်။ ကျွန်တော့်အနေနဲ့ ခန့်မှန်းချင်တာက ပြန်နေတဲ့သူတွေက မြို့လူထု အရေအတွတ်နဲ့ဆို (၃၀)၊ (၃၅)ရာခိုင်နှုန်းပေါ့။ အလွန်ဆုံးရှိ (၄၀) ပေါ့ဗျာ။ 

မေး- အစ်ကို ခုနက အနီတွေတောင်မနေရဲဘူး ပြောတာလည်းရှိတော့ ကျွန်တော်တို့အနေနဲ့ အွန်လိုင်းမှာ MNDAA  ကိုထောက်ခံသူ ဒါမှမဟုတ် တော်လှန်ရေးဆိုတာကို ထောက်ခံသူတချို့က လားရှိုးမြို့မှာ လာနေဖို့နဲ့ လာကြပါ၊ အဆင်ပြေတယ်ဆိုပြီးလည်း ရေးနေကြတာတွေ့ရတယ်။ ဒါကို ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။ 

ဖြေ- လားရှိုးက အေးဆေးပါ၊ ပြန်လာကြပါ ဆိုတာက တစ်ထွာလောက်ပဲ ရေးတာ။ အခုလက်ရှိ အဆင်ပြေနေတာပဲ ရေးတာ။ ရှေ့လျှောက်ဘာဖြစ်နေလဲ၊ မြန်မာ့နိုင်ငံရေးအကြောင်းကို နည်းနည်း တောင်မသိတဲ့သူတွေ။ လူမျိုးစွဲ၊ ပါတီစွဲတွေနဲ့ အဲဒီလိုလူမျိုးတွေက ရှိတာပေါ့။ သူတို့ကလာခဲ့ပြောတာ ရာခိုင်နှုန်းတော် တော်နည်းပါတယ်။ လားရှိုးက သူတို့ထောက်ခံတဲ့သူ ရသွားတာဖြစ်တဲ့အတွက် တော်တော်အဆင်ပြေနေ တယ်လို့ ပြည်မကလူတွေထင်တာ။ မဟုတ်ဘူးဗျ။ ထောက်ခံနေတဲ့ သူတွေ ကိုယ်တိုင်က တိမ်းရှောင်နေတာများတယ်။ တောင်ကြီးမှာပဲ ဖြစ်ဖြစ်၊ ရန်ကုန်မှာပဲ ဖြစ်ဖြစ် အကုန် ရှိတယ်။ သူတို့ကို ထောက်ခံတဲ့သူတွေလေ။ သူတို့ကို မေးကြည့်လို့တောင်ရတယ်။ သူတို့လည်း ရှောင်လာခဲ့တာပဲ။ 

မေး - အခုက လားရှိုးစီးပွားရေး မကောင်းဘူးဆိုတော့ MNDAA  တွေက နောင်တစ်ချိန်မှာ မြို့ကို စီးပွားရေးကောင်းအောင် ပြန်လုပ်ပေးနိုင်မယ် ထင်လား။ 

ဖြေ- မြို့ကို လုံးဝပေးလိုက်ရင်တော့ တစ်ချိန်ချိန်တော့ ဖြစ်နိုင်တယ်။ တနည်းနည်းနဲ့တော့ စီးပွားရေး ကောင်းအောင်လုပ်မယ်ဆိုတော့ ဖြစ်လာနိုင်တယ်ပေါ့။ အရင်လို ပုံမှန်ဖြစ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ဒီမြို့ကြီး ပြန်လည်ပတ်ဖို့ ဆိုတာကလည်း အများကြီး ကြာဦးမှာ။ ဒီမြို့ကြီးလည်ပတ်အောင်လုပ်ဖို့ဆိုရင် တောင် အနည်းဆုံးခြောက်နှစ်၊ ခုနစ်နှစ်လောက် ကြာဦးမယ်ထင်တယ်။ 

မေး - လားရှိုးမှာထားခဲ့တဲ့ အိမ်နဲ့ ခြံကို ရောင်းဖို့ကော စိတ်ကူးရှိလား။ အရောင်းအဝယ်ဈေးကွက်ကော ရှိ နေလား။ 

ဖြေ - ရောင်းလို့ကမရတော့ဘူး (ရယ်လျက်)။ ရောင်းလို့က ဘယ်သူမှမဝယ်တော့ဘူး။ အခုနောက်ပိုင်း ကြားနေရတာက သိန်းတစ်ထောင်တန်တဲ့ခြံကို သိန်းတစ်ရာနဲ့ဝယ်တာဆိုတော့ အလကားပဲယူသွား လိုက်တော့လို့ပြောချင်တယ်ဗျာ။ ကိုယ့်ဝိုင်းပိုင်ဆိုင်မှုကရှိနေတော့ တပ်ကပြန်သိမ်းနိုင်ရင် ကိုယ်တွေ အတွက် မြေ ရှိနေရင်ရတယ်လေ။ အချိန်မရွေး ကိုယ့်ပိုင်ဆိုင်မှုက ပြန်ရနိုင်တယ်။ ဟိုကောင်တွေ သိမ်းသွားရင်လည်း၊ တစ်သက်လုံးသိမ်းသွားရင်တော့ ပလုံမှာပေါ့။ တပ်က ပြန်ယူရင်တော့ ရတယ်။ 

မေး - စီးပွားရေး လုပ်ငန်းကြီးတွေကကော ဘယ်လို တွေ့ရလဲ။ သူတို့ကော ရွှေ့သွားတာ မြင်မိလား။ 

ဖြေ - အနီးစပ်ဆုံး ပြောရရင် ဆန်ဆိုင်ပေါ့ဗျာ။ သူတို့ ဆို ဘာမှသယ်လို့မလွယ်ဘူး။ စဖြစ်တုန်းကဆိုရင် လူ လွတ်ရုန်းဖို့တောင် တော်တော်ခက်တာလေ။ ရွှေငွေ ဘာညာပဲ သယ်လို့ရမယ်။ ထားခဲ့တော့ ကိုးကန့်တွေ ကယူပြီး ပြန်ဝေတာဘာညာလုပ်တယ်။ ကုမ္ပဏီတွေဆိုလည်း ဒီလိုပါပဲ။ ကိုးကန့်တွေက သုံးလို့ရရင်သုံး။ သုံးလို့မရရင် လှူတာတွေတော့ ရှိတယ်။ 

မေး - လားရှိုးမြို့ကနေ့ စွန့်ခွာခဲ့ရသူတစ်ယောက် အနေနဲ့ ကျွန်တော်တို့ The Statesman Journal က တစ်ဆင့် ဘာများပြောချင်ပါသလဲ။ 

ဖြေ- တိတိကျကျ ပြောသင့်တယ်ဗျ။ အစိုးရ လူကြီးတွေက သတင်းစကားတိတိကျကျ ပေးသင့်တယ်။ ဒီမြို့ကို လုံးဝစွန့်ခွာသင့်တယ်ပေါ့။ တကယ်လုပ် တော့မှာမို့၊ အချိန်တစ်ခုရောက်ရင် ပြန်ယူမှာမို့လို့ ဒီမြို့မှာမနေနဲ့ စွန့်ခွာဆိုပြီး သတင်းစကား ပေးစေချင် တာပေါ့။ အခုအနေအထားမှာ ကိုးကန့်ကလည်း မဲ ဆွယ်ကောင်းတယ်။ တပ်ကလည်း ဘယ်လိုရှောင်ရမယ် ပါးပါးလေးပဲ ပြောထားတာဆိုတော့ သူတို့အ နေနဲ့ ဆက်နေလို့ရသေးတယ်ပဲထင်တာ။ အချိန်တစ်ခု ရောက်ရင် တကယ်ပြန်ယူမှာပါ။ တိကျတဲ့သတင်း စကားပေးထားရင် ရှောင်လိမ့်မယ်ထင်တယ်။ ပြန်လည်းယူစေချင်တယ်။ အဲဒါမှ ငယ်ငယ်တည်းကနေ ခဲ့တဲ့ ပိုင်ဆိုင်မှုတွေ၊ ဘဝတွေကို ပြန်ရမယ်ထင်ပါတယ်။ တပ်ကိုပဲယူစေချင်ပါတယ်။ စဖြစ်ကတည်းက တပ်ဖက်ကပဲ ရပ်တည်ခဲ့တာပါ။ ကျွန်တော် တပ်ကို မကြိုက်ဘူး။ ဒါပေမဲ့ MNDAA  ကို ပိုမကြိုက်ဘူး။ သူတို့ရဲ့အစစအရာရာကို လက်မခံနိုင်တဲ့အတွက် ကျွန်တော်တို့က တပ်ဘက်က ရပ်တည်တယ်။ မြို့ကို ပြန်ပြီးတော့ ယူစေချင်ပါတယ်။     


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved