ကျောင်းသားဦးရေတိုးလာသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ စားဝတ်နေရေး အခက်အခဲဖြစ်နေ

စော (NSS) - ဇွန် ၁၀
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းသားဦးရေတိုးလာကာ အလှူရှင်များ နည်းပါးလာသည့်အတွက် စားဝတ်နေရေး အခက်အခဲများရှိနေကြောင်း ရတနာအလင်း ရောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်က NSS ကိုမိန့်ကြားသည်။
အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် မူလတန်းမှအထက်တန်းအထိ စာသင်ကြားပေးလျက်ရှိပြီး မိဘမဲ့ကလေးများနှင့်စားဝတ်နေရေးအခက်အခဲရှိသူများကို ဦးစားပေးကာ ကျောင်းအပ်လက်ခံပညာသင်ကြားပေးနေခြင်း ဖြစ်ကြောင်းသိရသည်။ “ကျောင်းသားဦးရေ အရင်ကထက်စာရင် နှစ်ဆများလာတယ်။ မိဘမဲ့ကလေးတွေ ဦးစားပေး တာပေါ့။ မိဘမဲ့ကလေးနဲ့အပြင်မှာ စားဝတ်နေရေးခက်ခဲလို့ ကျောင်းမတက်နိုင်တဲ့ကလေးပေါ့။ ကျောင်းမတက်နိုင်တဲ့ကလေးဆိုတာ စားဝတ်နေရေးကျ အဆင်မပြေကြဘူးလေ။ စားဝတ်နေရေးအဆင်မပြေကြတဲ့အတွက်မို့လို့ ဘုန်းဘုန်းက ထမင်းသုံးနပ်ကျွေးတယ်ပေါ့နော် အဲဒါကြောင့် လက်ခံပေးထားတာပါ”ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လာရောက်ပညာသင်ကြားကြသူများတွင် ပဲခူးတိုင်းက အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည် နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့ရှိ လူများလည်း လာရောက်ကြကြောင်း သိရသည်။ “ဘုန်းဘုန်းတို့အနေနဲ့ ဘာတွေအခက်အခဲရှိတုန်းဆိုတော့ လှူဒါန်းမှုကျတော့ ၇ ရက်သား သမီးရဲ့လှူဒါန်းမှုနဲ့ရပ်တည်တာပေါ့နော်။ တခြားသီးခြားအဖွဲ့အစည်းနဲ့ ထောက်ပံ့ရပ်တည်နေရ တာ မဟုတ်ဘူးလေ။ အလှူရှင် ၇ ရက်သားသမီးရဲ့ လှူဒါန်းမှုနဲ့ပဲ ဒီကလေးတွေကို ရှာဖွေကျွေးမွေးရတာပေါ့။ နည်းနည်းလေးတော့ အခက်အခဲရှိတာပေါ့။ အရင်က ကိုဗစ်တွေဘာတွေမရှိဘူး တိုင်းပြည်ကလည်း အေးချမ်းတော့ အလှူရှင်က သွားနိုင်၊ လာနိုင်လှူဒါန်းနိုင်ကြတယ်လေ။ အခုလို ကာလမှာတော့ အလှူရှင်က နည်းနည်းရှားပါးလာတယ်။ အရင်ကထက်ရှားလာတယ်။ လူဦးရေကတိုးလာပြီး စားဝတ်နေရေး ကျပ်တည်းလာတယ်။ အရင်ကတော့ စားဝတ်နေရေးချောင်လည်တယ်။ လူဦးရေကနည်းတယ်။ ပြောင်းပြန်ပြန်ဖြစ်သွားတာပေါ့” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း ၇၁၉ ကျောင်း၊ မူလတန်းလွန်ကျောင်း ၅၇၄ ကျောင်း၊ အလယ်တန်းကျောင်း ၉၄ ကျောင်းနှင့် တွဲဖက် အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ၁၃၈၉ ကျောင်း ဖွင့်လှစ်ခဲ့ကြောင်း သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။ အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် မူလတန်းကျောင်းသား ၂၇၆၂၅၀၊ မူလတန်းလွန် ကျောင်းသား ၄၁၅၆၄ ဦး၊ အလယ်တန်း ကျောင်းသား ၁၉၀၃၉ ဦး၊ အထက်တန်း ကျောင်းသား ၂၃၁၉ ဦး စုစုပေါင်းကျောင်းသား ၃၃၉၁၇၂ ဦးတို့ ပညာသင်ကြားခဲ့ကြောင်း သိရသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယအကြိမ်မြောက်ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကျမ်းသစ္စာကျိန်ဆို
RELATED POSTS
21 Mar 2025 | ပညာရေး,နိုင်ငံတကာ
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း