YBS ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း သေဆုံးသူ(၁၈)ဦးရှိခဲ့ပြီး သေဆုံးသူအများစုမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရခြင်းဖြစ်
စော (NSS) - မေ ၂၄
ရန်ကုန်မြို့အတွင်းပြေးဆွဲနေသော YBS ယာဉ်မတော်တဆမှုကြောင့် ငါးလအတွင်း သေဆုံးသူ(၁၈)ဦးရှိခဲ့ပြီး သေဆုံးသူအများစုမှာ လမ်းဖြတ်ကူးစဉ် ကားတိုက်ခံရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ထံမှ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလ ၁၅ ရက်အထိ YBS ယာဉ်တိုက်မှုပေါင်း (၃၂) ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ(၁၈)ဦးနှင့် ဒဏ်ရာရရှိသူ (၃၇)ဦးရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုများအနက် လမ်းသွားလမ်းလာ/လမ်းဖြတ်ကူးသူများအား တိုက်မိမှုကြောင့် ဒဏ်ရာရရှိသူ(၄)ဦးနှင့် သေဆုံးသူ(၇)ဦးရှိခဲ့ပြီး ယာဉ်ပေါ်မှပြုတ်ကျမှု၊ စက်ဘီးနှင့်တိုက်မိမှု၊ မော်တော်ဆိုင် ကယ်နှင့်တိုက်မိမှု၊ Taxi ယာဉ်နှင့်တိုက်မိမှု၊ ဓာတ်တိုင်နှင်တိုက်မိမှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီးတော့ သုံးသပ်တဲ့အခါမှာ တစ်ချို့က ကျွန်တော်တို့ တိုင်းပြည်ရဲ့ GDP ရဲ့တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်း ဆုံးရှုံးတယ်လို့ ဖော်ပြတာရှိပါတယ်။ ဒီလိုမျိုး လူတစ်ယောက်သေဆုံးတယ်ဆိုတဲ့ဟာ ကျွန်တော်တို့ ကိန်းဂဏန်းနဲ့ဖော်ပြလို့မရပါဘူး။ လူတစ်ယောက်ရဲ့ တန်ဖိုး ဖြတ်လို့မရပါဘူး။ ဒီလိုမျိုးတန်ဖိုးဖြတ်လို့မရတဲ့ လူတွေ ယာဉ်တိုက်မှုကြောင့်၊ YBS ကြောင့် တိုက်ခိုက်မှုဖြစ်တဲ့အခါမှာ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
ထို့ပြင် ဇန်နဝါရီလမှ မေလ ၁၅ ရက်အထိ YBS ယာဉ်မောင်းများ စည်ကမ်းဖောက်ဖျက်မှုကြောင့် ဖမ်းဆီးအရေးယူထားသည့်အမှုပေါင်း (၂၃၈၉၂)မှုရှိခဲ့ကြောင်း သိရသည်။ “အနိမ့်ဆုံးအမှုဆိုရင် မှတ်တိုင်စနစ်တကျမရပ်လို့ သုံးထောင်လောက် ဒဏ်ကြေးကောက်တာရှိပါတယ်။ နောက်ပြီးတော့ မီးနီဖြတ်တာတို့ကို ဒဏ်ကြေး သုံးသောင်းကောက်ခံပါတယ်။ မီးနီသုံးခါဖြတ်ရင် YBS မောင်းနှင်ခွင့်မပြုတော့ပါဘူး။ CNG ပိတ်သိမ်းတဲ့အမှုကျတော့ စပါယ်ယာတင်တဲ့ဟာတွေကိုလုပ်ပါတယ်၊ ယာဉ်စီးခပိုကောက်တဲ့ယာဉ်တွေကိုတော့ CNG သုံးလပိတ်တာ၊ လုပ်ငန်းလိုင်စင်တစ်နှစ်ပိတ်တာတို့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအမှုများမှာ မှတ်သားဖမ်းဆီးမှု (၂၂၄၁၇) မှု၊ တိုင်ကြားမှု (၃၀၁)မှု၊ Facebook အမှု(၃)မှု၊ မီးနီဖြတ်မောင်းမှု (၁၄၃)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၄၅၃)မှု နှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၁၄၀)တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၉၁)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၃၅)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု (၂၀၉)မှု၊ မချေမငံပြောဆိုမှု (၁)နှင့် အခြားအမှု (၉၉)မှုတို့ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းလေယာဉ်မှူးများက F-16 တိုက်လေယာဉ်နှင့်လေ့ကျင့်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက် သတင်းထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ