ရုရှား-ယူကရိန်းစစ်ပွဲအတွက် နိုင်ငံသား(၂၈၀)ခန့် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ သီရိလင်္ကာအစိုးရပြော
Pika (NSS) - မေ ၁၅
ရုရှား-ယူကရိန်းစစ်ပွဲမှာ နှစ်ဖက်စလုံးကနေပါဝင်တိုက်ခိုက်ဖို့အတွက် သီရိလင်္ကာနိုင်ငံသား(၂၈၀)ခန့် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ ယူကရိန်းပဋိပက္ခမှာ နိုင်ငံသားတွေရဲ့ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးအပ်ခံထားရတဲ့ အရာရှိတွေက မေလ(၁၅)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်မှာ သီရိလင်္ကာကာကွယ်ရေးဝန်ကြီးဌာနဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာပါဝင်ဖို့အတွက် နှစ်နိုင်ငံစလုံးကို သွားရောက်ခဲ့သူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းပြီးတဲ့နောက်မှာတော့ ၎င်းတို့နဲ့ဆက်နွယ်တဲ့ ဆွေမျိုးတွေရဲ့ တိုင် ကြားစာပေးပို့မှုတွေကို စတင်လက်ခံရရှိခဲ့တာလို့လည်းသိရပါတယ်။ ပြည်သူ့လုံခြုံရေးဝန်ကြီး Tiran Alles က 'မိသားစုဝင်(၂၈၀)လောက်ရဲ့ တိုင်ကြားစာတွေကို ကျွန်တော်တို့လက်ခံရရှိခဲ့ပါတယ်'လို့ ပြောဆိုခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံသားအများစုမှာ ရုရှားစစ်တပ်အတွက် လူသစ်စုဆောင်းမှုကို ခံခဲ့ရတယ်လို့ လွှတ်တော်အမတ် Gamini Waleboda ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် လူသစ်စုဆောင်းခံရသူတွေဟာ မြင့်မားတဲ့လစာတွေနဲ့ တိုက်ခိုက်ရေးမဟုတ်တဲ့ကဏ္ဍတွေအတွက် ရာထူးတွေရရှိမယ်လို့ ကတိပေးပြီး သွေးဆောင်ဖြားယောင်းခံရတာဖြစ်တယ်လို့ Gamini Waleboda ကပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းပဋိပက္ခမှာ သီရိလင်္ကာနိုင်ငံသားဘယ်လောက်သေဆုံးသွားပြီဆိုတဲ့အချက်ကိုလည်း လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့သိရပါတယ်။ သီရိလင်္ကာအစိုးရဟာ ၎င်းရဲ့နိုင်ငံသားတွေကို စစ်ပွဲမှာပါဝင်ဖို့အတွက် ရုရှားဒါမှမဟုတ် ယူကရိန်းကို သွားရောက်ခြင်းမပြုဖို့ အကြိမ်ကြိမ်သတိပေးခဲ့တယ်လို့လည်းသိရပါတယ်။
သီရိလင်္ကာရဲတပ်ဖွဲ့ဟာ ရုရှားကြေးစားလုပ်ငန်းတွေအတွက် လူသစ်စု ဆောင်းမှုအေးဂျင့်အဖြစ် တရားမဝင်လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးအပါအဝင် အငြိမ်းစားစစ်တပ်အရာရှိနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ နီပေါနဲ့ အိန္ဒိယနိုင်ငံတို့ကလည်း ပြီးခဲ့တဲ့နှစ်အတွင်း ၎င်းတို့ရဲ့နိုင်ငံသားတွေဟာ ရုရှားစစ်တပ်ဘက်ကနေ တိုက်ခိုက်ဖို့အတွက် လူသစ်စုဆောင်းခံခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်တစ်ပတ်အလိုမှာ ထိုင်ဝမ်နဲ့တရုတ်ကြား တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာနေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ