ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်တစ်ပတ်အလိုမှာ ထိုင်ဝမ်နဲ့တရုတ်ကြား တင်းမာမှုတွေ ပိုမိုအရှိန်မြင့်တက်လာနေ
Pika (NSS) - မေ ၁၅
ထိုင်ဝမ်သမ္မတသစ်တက်မလာခင် သီတင်းပတ်တစ်ပတ်အလိုမှာ တရုတ်စစ်တပ်ဟာ ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ပြီး တိုက်လေယာဉ်တွေစေလွှတ်တာမျိုးအပါအဝင် ကျွန်းအနီးမှာ တိုက်ခိုက်ရေးကင်းလှည့်မှုတွေကို မေလ(၁၄)ရက်နေ့က လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်ကြား တင်းမာမှုတွေပိုမိုအရှိန်မြင့်တက်လာခဲ့တယ်လို့ ထိုင်ဝမ်အစိုးရကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့(၄)နှစ်အတွင်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှုတွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းကို ၎င်းရဲ့ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားပေမယ့်လည်း ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ရပ်တည်ချက်တွေကို ငြင်းဆန်ပယ်ချထားတယ်လို့ သိရပါတယ်။ ထိုင်ဝမ်ရွေးကောက်ခံသမ္မတလိုင်ချန်တေးဟာ လာမယ့်မေလ(၂၀)ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲလုပ်ဆောင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် လိုင်ချန်တေးကို အန္တရာယ်ရှိတဲ့ ခွဲထွက်ရေးသမားတစ်ဦးအဖြစ် တရုတ်ဘက်က သတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်မှာရှိတဲ့ လက်ရှိအနေအထားတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လိုင်ချန်တေးကပြောဆိုထားပါတယ်။ လိုင်ချန်တေးက 'အပြန်အလှန်လေးစားမှု၊ အပြန် အလှန်အကျိုးဖြစ်ထွန်းမှုတွေနဲ့ ဂုဏ်သိက္ခာဆိုင်ရာ အခြေခံမူတွေအရ တရုတ်နဲ့ဆွေးနွေးပွဲတွေကို ကန့်သတ်ထားတာမျိုးလုပ်ဆောင်ဖို့ ကျွန်တော်အမိန့်ထုတ်မှာမဟုတ်ပါဘူး'လို့ ပြောဆိုခဲ့ပါတယ်။ မေလ(၁၄)ရက်နေ့ ညနေ (၅) နာရီအချိန်မှာ အဆင့်မြင့် Su-30 တိုက်လေယာဉ်တွေအပါအဝင် စစ်သင်္ဘောတွေနဲ့ ပူးတွဲတိုက်ခိုက်ရေးကင်းလှည့်မှုတွေကို လုပ်ဆောင်နေတဲ့ တရုတ်တိုက်လေယာဉ်(၂၃)စင်းကို ခြေရှာခံတွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ တရုတ်တိုက်လေယာဉ်(၁၅)စင်းဟာ ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ထိုင်ဝမ်ကျွန်းရဲ့ မြောက်ဘက်၊ အလယ်ပိုင်းနဲ့အနောက်တောင်ဘက်လေပိုင်နက်ထဲမှာ ပျံသန်းမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။
မေလ(၁၄)ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ တရုတ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးကင်းလှည့်မှုတွေဟာ ယခုလအတွင်း တတိယအကြိမ်မြောက်လုပ်ဆောင်တာဖြစ်တယ်လို့လည်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတပူတင်က စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးဟောင်းကို ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ်ခန့်အပ်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ