ရမ်ဇမ်ဥပုသ်လအတွင်း ဝတ်ပြုဆုတောင်းသည့်ကျောင်းသားများကို အဆောင်ထဲထိ ဝင်ရောက်တိုက်ခိုက်မှု အိန္ဒိယတွင် ဖြစ်ပွား
ALynn (NSS) - မတ် ၁၈
အိန္ဒိယနိုင်ငံ၊ အနောက်ဂူဂျာရတ်ပြည်နယ်ရှိ တက္ကသိုလ်အဆောင်တွင် ဟိန္ဒူလက်ယာစွန်းအုပ်စုက ရမ်ဇမ်ဥပုသ်လ အတွင်း ဝတ်ပြုဆုတောင်းသည့်ကျောင်းသားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံခြားကျောင်းသား အနည်းဆုံး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ကျောင်းသားများ၏ ပြောကြားချက်အရ “တက္ကသိုလ်ဝင်းအတွင်း ဝတ်ပြုဆုတောင်းစရာနေရာမရှိသောကြောင့် အမျိုးသားဆောင်အတွင်း ဝတ်ပြုသူများ စုရုံးနေချိန်တွင် တုတ်၊ ဓား၊ လက်နက်များကိုင်ဆောင်ထားသည့် လူတစ်စု ဝင်ရောက်လာကာ ကျောင်းသားများကို တိုက်ခိုက်ခဲ့ပြီး အခန်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း” သိရသည်။
X ဆိုရှယ်မီဒီယာတွင် တင်ထားသော ဗီဒီယိုများတွင် ကျောင်းသားအဆောင်များကို လုယက်ပြီး ကျောင်းသားများ၏ ဆိုင်ကယ်များကို လက်နက်များဖြင့် ဖျက်ဆီးနေသည့် လူအုပ်အား တွေ့မြင်နိုင်သည်။ “ဒီလိုမျိုး ကျွန်တော်တို့ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး” ဟု တည်းခိုခန်းမှ ရိုက်ကူးထားသည့် ၎င်း၏ ဗီဒီယိုတွင် အာဖရိက ကျောင်းသားတစ်ဦး က ပြောကြားခဲ့သည်။
ဗီဒီယိုနောက်ခံတွင် ကျယ်လောင်သော အော်ဟစ်သံများနှင့် လူအုပ်က ဖြိုချဖျက်ဆီးလိုက်သောပစ္စည်းများ ကွဲအက်သံများကို ကြားနေ ရသည်။ အာဖဂန်နစ္စတန်၊ ဥဇဘက်ကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖရိကနိုင်ငံတို့မှ ကျောင်းသားအများအပြား တိုက်ခိုက်ခံရပြီးနောက် ကျောင်းသားနှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိ ခဲ့ကာ ယခုအခါ ဆေးရုံတွင် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း Indian Express သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။
Ahmedabad မြို့၏ ရဲမင်းကြီး က ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူတရားခံတစ်ဦးကို တွေ့ရှိ ထားကြောင်းနှင့် ထိုအမှုအားစုံစမ်းရန် အဖွဲ့ ၉ ဖွဲ့ ဖွဲ့စည်းထားကြောင်း ပြောသည်။ တောင်ပိုင်း Hyderabad မြို့မှပါလီမန်အမတ် Asaduddin Owaisi သည် ၀န်ကြီးချုပ် Narendra Modi နှင့် ပြည်ထဲရေးဝန်ကြီး Amit Shah တို့အား “ထိုဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်ချက်စကားပေးပို့ရန်” တောင်းဆိုခဲ့သည်။
ထို့ပြင် “မွတ်ဆလင်တွေ အေးအေးချမ်းချမ်းဝတ်ပြုဆုတောင်းနေတာကို ဘာသာရေးအစွန်းရောက်မှုတွေနဲ့ ယခုလို တိုက်ခိုက်ခြင်းက ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း နှင့် ပြည်တွင်းမှာ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းတရား တွေက အိန္ဒိယရဲ့အကျိုးကို ဖျက်ဆီးနေပြီဖြစ်ကြောင်း” ၎င်းက X တွင် ရေးသားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၁၉ ခုနှစ်ဆန္ဒပြပွဲအတွင်း ဟောင်ကောင်ဥပဒေပြုကောင်စီကို ဝင်ရောက်စီးနင်းခဲ့သည့် တရားခံ ၁၂ ဦးအား ပြစ်ဒဏ်ချမှတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ