စစ်တွေတွင် လက်နက်ကြီးဖြင့် (၁၃)ကြိမ် ပစ်ခတ်ခံရမှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့ရ၊ AA အဖွဲ့သည် စစ်ရာဇဝတ်မှု ကျူးလွန်နေဟု နစကတုံ့ပြန်
မြူနစ် (NSS) - မတ် ၁၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လက်နက်ကြီးဖြင့် (၁၃)ကြိမ် ပစ်ခတ်ခံရမှုကြောင့် လူ(၁၈)ဦး သေဆုံးခဲ့ရပြီး AA အဖွဲ့သည် စစ်ရာဇဝတ်မှု ကျူးလွန်နေကြောင်း နစကဘက်က တုံ့ပြန်လိုက်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(မတ်လ ၁၆ ရက်)တွင် အထက်ပါကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် AA အဖွဲ့သည် ပုဏ္ဏားကျွန်းမြို့ဘက်မှနေကာ လက်နက်ကြီးများဖြင့် စစ်တွေမြို့၊ စက်ရုံစု (၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။ ၎င်းကဲ့သို့ ပစ်ခတ်သော လက်နက်ကြီးကျည်သည် ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်လုံးအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် AA အဖွဲ့က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ပြီးခဲ့သောကာလများအတွင်း၌ စစ်တွေတပ်နယ်ရှိ ကျေးရွာများ၊ မြို့မဈေးအနီးရှိ ကိုရီးယားဆိပ်ကမ်းဈေး၊ ကသဲရပ်ကွက်၊ ပါဒလိပ်ကျေးရွာရှိ အမှတ်(၇) အ.ထ.ကကျောင်းအနီးနှင့် ရွှေပြည်သာကျေးရွာအတွင်းများသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း နစကမှ ဆိုသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် စစ်တွေမြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာ၊ ရပ်ကွက်များကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုမှာ (၁၃) ကြိမ်အထိ ရှိခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုများကြောင့် အသက် (၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ (၁၈)ဦး သေဆုံးခဲ့ရပြီး တက္ကသိုလ်ဝင်တန်းစားမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူနှစ်ဦးအပါအဝင် စုစုပေါင်း (၄၇)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦများသည်လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် AA အဖွဲ့သည် စစ်ရေးပစ်မှတ် မဟုတ်သည့် စာသင်ကျောင်းနှင့် လူနေရပ်ကွက်များကို ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime) ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း နစကမှ တုံ့ပြန်ထားသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး စစ်တွေမြို့အနီးရှိ ပုဏ္ဏားကျွန်းမြို့အပါအဝင် မြို့အချို့ကို သိမ်းပိုက်ရရှိထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ကုန်တင်သင်္ဘောကို အိန္ဒိယရေတပ်ကြားဖြတ်ဟန့်တား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ