မော်လမြိုင်မြို့တွင် (၁၂)ဘီးကားနောက်ပြန်လိမ့်၍ ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - မတ် ၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၁၂)ဘီးကားတစ်စီး နောက် ပြန်လိမ့်၍ ချောက်ထဲထိုးကျတိမ်းမှောက်ခဲ့ရာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့ (မတ်လ ၆ ရက်)၊ ည ၇နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းဘူတာကြီးမီးပွိုင့်အနီး ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပထမတော့ ကားကစက်သပ်ထားတာ။ နောက်တော့ ကားစက်နှိုးတော့ ဂီယာနဲ့ထိန်းတာမှာ လေပေါင်မရှိတော့ နောက်ပြန် လိမ့်ကျသွားတာ။ ကျတာကလည်း ချောက်ထဲကျသွားတော့ ပျက်စီးမှုတွေရှိခဲ့တာပေါ့” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က NSS ကို ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် (၁၂)ဘီးပေါ်တွင်လိုက် ပါလာသည့် အသက်(၅၀)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းထိခိုက်ဒဏ်ရာရတယ်။ ချောက်ထဲကျတော့ကားလည်း ပျက်စီးသွားတယ်။ ကားကအရက်ပုလင်းနဲ့ မှန်ချက်ပါကင်တွေ တင်လာတာ။ အဲဒါတွေလည်း တစ်ချို့တစ်ဝက်ပျက်စီးသွားတယ်။ အရင်က အဲဒီနေရာက ဖြစ်လေ့တော့မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားကို ဘိုဘိုဝင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့နှင့် အခြားလူမှုကူညီရေးအဖွဲ့များပူးပေါင်းကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၁၁.၁၁ ကယား စစ်မီးကြားက နိုင်ငံ့ဝန်ထမ်းအရာရှိကြီးတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်များ . . . (အင်တာဗျူး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ