အိမ်ရှင်မများကို ပစ်မှတ်ထားကာ လိမ်လည်သည့် အွန်လိုင်းလိမ်လည်မှု တစ်မျိုးပေါ်ပေါက်နေ
သုတကျော် (NSS) - ဖေဖော်ဝါရီ ၂၆
အိမ်ရှင်မများကို ပစ်မှတ်ထားကာ လိမ်လည်သည့် အွန်လိုင်းလိမ်လည်မှုတစ်မျိုးပေါ်ပေါက်နေကြောင်း NSS က ရရှိသော သတင်းကို အခြေခံ ၍ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံအခြေစိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၏အမည်ကို ဖော်ပြအသုံးပြုကာ နာမည်တူ အင်တာနက် ဝက်ဘ်ဆိုက် နှင့် Application ပြုလုပ် ပြီး အဆိုပါ Application မှတစ်ဆင့် ကမ္ဘာ့ရွှေအတက်အကျကို ငွေကြေးရင်းနှီးမြှုပ်နှံ၍ ဈေးကစားရန် ဖိတ်ခေါ်ခြင်းဖြစ်ကာ Application တွင် ဖော်ပြထားသည့် အချက်အလက်များမှာ အထက်ပါ လိမ်လည်သူများ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးထိန်းချုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
"အမျိုးသားတစ်ယောက်က ဖေ့စ်ဘွတ်ခ်ကနေ Friend လာအပ်ခဲ့တဲ့အတွက် လက်ခံလိုက်တဲ့အခါ မက်ဆင်ဂျာကနေ ခင်မင်ဖို့ မိတ်ဆက်စကားစရေး လာပါတယ်။ ကလေးရွယ်လည်းမဟုတ်တော့ အလိုက်သင့်ပဲ မိတ်ဆွေလိုလက်ခံမိပါတယ်။ နောက် တော့ သူ့အကြောင်း ကိုယ့်အကြောင်းပြောကြရင်း သူက ကိုဗစ်ပြီးကတည်းက အလုပ်တွေမကောင်း တော့လို့ Gold trade ကိုစကစားခဲ့ကြောင်းကစပြီး နေ့တိုင်း စိတ်ဝင်စားလာအောင် နည်းနည်းချင်း ဘယ် လိုကစားရကြောင်း၊ ဘယ်လိုတွေလမ်းကြောင်း ကြည့်ရကြောင်း၊ ဘယ်လိုအမြတ်အစွန်းနဲ့ ရှုံးမယ်ဆိုလည်း ဘယ်လောက်ပဲရှုံးနိုင်ကြောင်း၊ တကယ့်ကို အတင်းကြီးမဟုတ်ဘဲ သူတကယ်လုပ်ပြီးရလာတာ တွေကို စီးပွားရေးတွက်တွက်ပြပြီး စိတ်ဝင်စားမယ်ဆို သူလမ်းကြောင်းကြည့်ပေးပြီး မရှုံးဖို့ အာမခံခဲ့ ပါတယ်"ဟု လိမ်လည်ခံခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြော သည်။
ရွှေဈေးအတက်အကျအလိုက် ရင်းနှီးမြှုပ်နှံရန်အတွက် အကောင့်ဖွင့်ခြင်းကို အထက်ပါ လိမ်လည်သူ အမျိုးသားကပင် ဆောင်ရွက်ပေးကာ ထည့်ဝင်ငွေ ကျပ်သိန်း ၃၀ ကို Kpay မှတစ်ဆင့် ပေးချေခဲ့ရာ ၎င်းတို့ ဖန်တီးထားသည့် Application အတွင်း အထက်ပါ ပမာဏအတိုင်း ဒေါ်လာငွေများ ဝင်လာခဲ့သည်ဟု ပြသခဲ့ကြောင်း အထက်ပါ လိမ်လည်ခံရသူက ပြောသည်။
"အကောင့်စဖွင့်တဲ့နေ့မှာပဲ သူ့အကူအညီနဲ့ trade နှစ်ခါကစားတဲ့အခါ ဒေါ်လာ ၉၀ မြတ်ခဲ့ပါတယ်။ အဲဒီအမြတ် ဒေါ်လာ ၉၀ ကို ထုတ်တဲ့အခါ ကိုယ့် Kpay ထဲကို ညီမျှတဲ့ မြန်မာငွေရောက်လာပါတယ်။ လုံးဝကို အလိမ်လို့ မထင်ရအောင် ကိုယ့်လက်နဲ့ကိုယ် ကစားရအမြတ်ရပေါ့။ အဲဒီတစ်ခါပါပဲ။ နောက်ရက် တွေကျတော့ လမ်းကြောင်းကမကောင်းလို့ သူ့အိမ်ကိစ္စတွေကြောင့်စတဲ့ မျိုးစုံမျိုးစုံသောအကြောင်းပြ ချက်တွေပေးပြီး Trade ကို ထပ်မလုပ်ပေးတော့ပါဘူး။ စိတ်ထဲမသင်္ကာဖြစ်ပြီး ဟိုမေးဒီမေး လျှောက်မေးလိုက်တဲ့အခါ နှစ်ပတ်နေတော့ ဆက် သွယ်လို့ မရအောင်ဖြတ်တောက်သွားခဲ့ပါတယ်"ဟု ၎င်းက ရှင်းပြသည်။
ယခင်သွင်းထားသောငွေကိုပြန်ထုတ်ရန် ကြိုးပမ်းသည့်အခါ ငွေအားလုံးထုတ်လိုပါက ယခင်ထည့်ဝင်ငွေ၏ လေးပုံတစ်ပုံ ပမာဏခန့်ရှိ စပေါ်ငွေ ထပ်တင်ရမည်ဆိုလာသဖြင့် ငွေထပ်မံထည့်သွင်းသော်လည်း ထုတ်မရတော့သည့်အပြင် Trade ဆက်လုပ်ရာတွင်လည်း ငွေကြေးအရှုံးများသာ ပြသတော့ ကြောင်း ၎င်းကပြောသည်။ အဆိုပါဖြစ်စဉ်တွင် အလိမ်ခံရသူအရေအတွက်မှာ အထက်ပါအမျိုးသမီး တစ်ဦးတင်မကဘဲ အခြားအမျိုးသမီးများလည်းရှိကာ ၎င်းတို့ဆက်သွယ်ပြောဆိုခဲ့ရသော ဖေ့စ်ဘွတ်ခ် အကောင့်မှာလည်း အခြားလူတစ်ဦး၏ပုံကိုအသုံးပြု ထားသည့် အကောင့်တုသာဖြစ်နေသည်ကို နောက် ပိုင်းတွင် စစ်ဆေးတွေ့ရှိရကြောင်း ၎င်းကပြောသည်။
"ကျွန်မတို့လိုမျိုး ထပ်ပြီး မခံရစေချင်တော့ဘူး။ သူတို့က မသိနားမလည်တဲ့ အိမ်ရှင်မတွေကို ပစ်မှတ် ထားနေတာ။ ကျွန်မဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာ ကျွန်မလို အိမ်ရှင်မတွေ အများကြီး ပါနေတာ ကို တွေ့ရတယ်။ တော်တော်လေး သတိထားစရာပါ"ဟု ကျပ် ၁၀ သိန်း လိမ်လည်ခံခဲ့ရသူ အမျိုးသမီးက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မောင်းအိပ်ငိုက်၍ ကားတစ်စီး တံတားဘောင်အား ဝင်တိုက်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ