TNLA တပ်သား မောင်းလာသည့်ကားက ပြည်သူ(၂)ဦးကို တိုက်မိခဲ့သော်လည်း မတောင်းပန်သည့်အပြင် သေနတ် ဖြင့်ချိန်ကာ ခြိမ်းခြောက်ခဲ့
သုတကျော် (NSS) - ဖေဖော်ဝါရီလ ၂၄
ရှမ်းပြည်နယ်ရှိ TNLA ထိန်းချုပ်ရာ မြို့တစ်မြို့ ဖြစ်သော နမ္မတူမြို့တွင် အဆိုပါအဖွဲ့မှ တပ်သား အဆင့်ရှိသူ တစ်ဦး မောင်းနှင်လာသည့်ကားက အရပ်သား (၂) ဦးကို တိုက်မိရာ ကားဖြင့်တိုက်သူက မိုးပေါ်သေနတ်ပစ်ဖောက်ခဲ့သည့် အပြင် အတိုက်ခံရသူကိုပါ သေနတ်ဖြင့်ချိန်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ သတင်းမီဒီယာ အချို့နှင့် NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက် နေ့လယ်ပိုင်း ၁၂ နာရီခွဲ အချိန်က နမ္မတူမြို့အဝင် တံတား မရောက်မီ သုသာန်မီးသင်္ဂြိုဟ်စက်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အတိုက်ခံရသူ ၂ ဦးမှာ လားရှိုး-နမ္မတူ-မူဆယ် ပြေးဆွဲနေ သည့် ယာဉ်လိုင်းမှ ဖြစ်ပြီး မူဆယ်မြို့သို့ အသွား နမ္မတူမြို့ အကျော်တွင် ကားပျက်သောကြောင့် စက်ပြင်ရန် လားရှိုးဘက်သို့ ပြန်ထွက်လာစဉ် TNLA တပ်သား ၂ ဦးပါကားက တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားဖြင့် တိုက်မိပြီးနောက် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အတိုက်ခံရသူတစ်ဦးက ခြေထောက်ကျိုး ကြောင်းပြောသည့်အခါ ယာဉ်မောင်းသူ TNLA တပ်သားက ဆင်းလာပြီး သေနတ်ကို မိုးပေါ် ထောင်ဖောက်သည့် အပြင် ခြေထောက် အမှန်တကယ်မကျိုးပါက သေနတ်ဖြင့်ပစ်မည်ဟုဆိုကာ ရင်ဘတ်ကို သေနတ်ဖြင့်ချိန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြို့ကို TNLA က ထိန်းချုပ်ထားကြောင်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ထုတ် ပြန်ထားပြီးနောက် ယခုဖြစ်စဉ် ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
“သတင်းကို ကျွန်တော်တို့လည်း ကြားရတယ်။ ဒါက တိုက်တဲ့သူဟာ လူငယ်လည်း ဖြစ်ချင်ဖြစ်မယ်။ မွှန်ပြီး လုပ်မိတာမျိုးလည်း ဖြစ်မယ်။ မဖြစ်စေချင်ဘူး။ ဒီဖြစ်စဉ်က လက်နက်ကိုင်ထားတယ်ဆိုပြီး လုပ်သလို ဖြစ်နေတယ်”ဟု ရှမ်းပြည်နယ်ဒေသခံတစ်ဦးက သုံးသပ်ပြောကြားသည်။
အဆိုပါဖြစ်စဉ်တွင် တိုက်သည့်ကားမှာ အရှိန်များသည့်အပြင် လမ်းပြောင်းပြန်မောင်းနှင် လာခြင်းဖြစ်သည်ဟု ကနဦးသိရပြီး ဖြစ်စဉ်တွင် အတိုက်ခံရသူနှစ်ဦးအနက် ဆိုင်ကယ်မောင်းသူသည် လွင့်စဉ်သွားကာ ခါးနာဒဏ်ရာ ရပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသူသည် ဝဲဘက်ခြေထောက် ကျိုးသွားခဲ့ကြောင်း သိရသည်။
ကားတိုက်ခံရပြီး ဘယ်ခြေထောက်ကျိုး ဒဏ်ရာရသူသည် လားရှိုးမြို့ ရပ်ကွက်(၁၂) ကောင်းခါးတွင် နေထိုင်သူ အသက် ၄၃ နှစ်အရွယ်အမျိုးသားဖြစ်ပြီး လက်ရှိတွင် လားရှိုးပြည်သူဆေးရုံကြီး၌ ကုသမှုခံယူနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်ဦးမြို့အနီးသို့ ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဟု မိုးဇလ ထုတ်ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ