အီဂျစ်နိုင်ငံတွင် ကားအများအပြား ဆင့်တိုက်ခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၁၄
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မြောက်ဘက် Amreya မြို့အနီးရှိ Cairo-Alexandria သဲကန္တာရလမ်းတွင် ဖေဖော်ဝါရီလ (၁၃)ရက်က မော်တော်ယာဉ်အများအပြား ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံးကာ အခြားလူ (၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ MENA က ရေးသားဖော်ပြခဲ့သည်။
အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့များနှင့် လူနာတင်ကားများသည် အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်းသွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ မတော်တမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသမှုများလုပ်ဆောင်ရန်အတွက် ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကားပြီး MENA သတင်းအေဂျင်စီက ဖော်ပြ ခဲ့သည်။
ထို့အပြင် ယာဉ်ထိန်းရဲများသည် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ဆက်လက်လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အဆိုပါယာဉ်မတော်တဆမှု ဘာကြောင့်ဖြစ်ပွားရသည်ဆို သည့်အချက်ကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်းလည်း သိရသည်။
အီဂျစ်နိုင်ငံတွင် အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊လမ်းထိန်းသိမ်းမှု ညံ့ဖျင်းခြင်းနှင့် လမ်းစည်းကမ်း လိုက်နာမှုမရှိခြင်း တို့ကြောင့် နှစ်စဉ်မတော်တဆမှုများဖြစ်ပွားနေပြီး လူထောင်ချီသေဆုံးလျက်ရှိနေကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုက အီဂျစ်နိုင်ငံ၏ သဲကန္တာရ အဝေးပြေးလမ်းမများပေါ်တွင် ဖြစ်ပွားလျက်ရှိသော အန္တရာယ်များကို မီးမောင်းထိုးပြနေပြီး သတိရှိရှိ မောင်းနှင်မှုများနှင့် ဘေးကင်းရေးအစီအစဉ်များကို ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေဆိုသည့်အချက်ကို ပြသနေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
14 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
14 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
13 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
13 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ