အီဂျစ်ဗိုလ်ချုပ်ကြီးအဖြစ်ကနေ အီဂျစ်နိုင်ငံသမ္မတအဖြစ် သုံးကြိမ်ဆက်တိုက်တာဝန်ယူခွင့်ရရှိခဲ့သူ အယ်စီစီ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၅
အစ္စရေးနဲ့ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားလျက်ရှိနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်စေဖို့ အတွက်အဓိကကြိုးပမ်းနေသူတွေထဲမှာ အီဂျစ် သမ္မတ အဗ္ဗဒယ် ဖာတာ အယ်စီစီလည်း ပါဝင်နေ ပါတယ်။ အယ်စီစီဟာ အငြိမ်းစားဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အီဂျစ်နိုင်ငံရဲ့ခြောက်ဦး မြောက် သမ္မတအဖြစ်တာ ဝန်ယူနေသူဖြစ်ပါတယ်။ အသက် (၇၀) အရွယ်ရှိ အယ်စီစီဟာ ဗိုလ်ချုပ်ကြီးအဖြစ်က အနားမယူခင် (၂၀၁၃) ခုနှစ်ကနေ (၂၀၁၄)ခုနှစ် အီဂျစ် ကာကွယ် ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။
အယ်စီစီဟာ (၂၀၁၄)ခုနှစ်မှာ ဖီးမာရှယ် အဆင့်ကို ရာထူးတိုးမြှင့်ခံခဲ့ရပြီး အီဂျစ် စစ်ထောက် လှမ်းရေးညွှန်ကြားရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ (၂၀၁၁)ခုနှစ်က လူထုဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာကြာအုပ်ချုပ်ခဲ့တဲ့ သမ္မတ မူဘာ ရက် ရာထူးက ဖြုတ်ချခံခဲ့ရပါတယ်။
အီဂျစ်နိုင်ငံမှာ သမ္မတအဖြစ် နှစ်ပေါင်း (၃၀) နီးပါးကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဟိုစနီမူဘာရက် ဖြုတ်ချခံရပြီးနောက် မိုဟာမက်မော်စီဟာ (၂၀၁၂)ခုနှစ်မှာအီဂျစ်သမ္မတအဖြစ်ရွေးကောက်ခံခဲ့ရပြီး အီဂျစ်သမ္မတ မော်စီဟာ အယ်စီစီကို အီဂျစ်ကာကွယ် ရေးဝန်ကြီးနဲ့အီဂျစ် ကာကွယ်ရေးဦးစီးချုပ် ခန့်အပ် ခံခဲ့ရပါတယ်။
သမ္မတမော်စီဟာလည်း လူထုဆန္ဒပြပွဲများ ကြောင့်(၂၀၁၃)ခုနှစ်မှာရာထူးက ဖြုတ်ချခံရပြီး သမ္မတ မော်စီရာထူးကဖြုတ်ချခံရအောင် ပါဝင်ကြိုးပမ်းခဲ့သူတွေထဲမှာ အီဂျစ်ကာကွယ်ရေးဦးစီးချုပ် အယ် စီစီလည်း ပါဝင်ဆက်နွှယ်ခဲ့တယ်လို့ ဆိုပါတယ်။ (၂၀၁၃)ခုနှစ်က အီဂျစ်နိုင်ငံမှာ လူထုဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် အယ်စီစီဟာ အီဂျစ် သမ္မတကို ရာထူးကဖြုတ်ချကာ အာဏာသိမ်းခဲ့ တယ် လို့သိရပါတယ်။
အာဏာသိမ်းခဲ့ပြီးနောက် (၁၀) လ အကြာမှာတော့ သမ္မတအဖြစ် ရွေးကောက် ခံခဲ့ရပါတယ်။ အယ်စီစီဟာ သမ္မတရွေးကောက်ပွဲ နှစ်ကြိမ်စလုံးကို အပြတ်အသတ်အနိုင်ရခဲ့ပြီး ထောက်ခံမှု ရာခိုင်နှုန်း (၉၀) ကျော်စီဖြင့် အနိုင်ရခဲ့ပါတယ်။ အယ်စီစီဟာ အီဂျစ်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ အတွက် (၂၀၁၄)ခုနှစ် ကာကွယ် ရေးဦးစီးချုပ်ရာထူးကနေ အငြိမ်းစားယူခဲ့သူလည်း ဖြစ်ပါတယ်။ အတိုက်အခံတွေကို ဖိနှိပ်သူအဖြစ် ဝေဖန်ပြစ်တင်ခံခဲ့ရဖူးပြီး သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ထင်ရှားသူအားလုံးကို ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိအောင် ခြိမ်းခြောက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ လည်းရင်ဆိုင်ခဲ့ရဖူးသူ ဖြစ်ပါတယ်။
တကယ်တော့ အယ်စီစီဟာ အီဂျစ်နိုင်ငံမှာ အာဏာသိမ်းမှုမလုပ်ဆောင်ခင်ဖြစ်ပွားနေတဲ့ ဆန္ဒပြ ပွဲတွေနဲ့ ပတ်သက်ပြီး သမ္မတမော်စီကို စေ့စပ်ဆွေးနွေးမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မော် စီဟာ သမ္မတရာထူးကနုတ်ထွက်ဖို့ နဲ့ ရွေးကောက်ပွဲကို စောစီးစွာကျင်းပဖို့ငြင်းဆန်ခဲ့တယ်လို့ သိရပါ တယ်။ ဒါကြောင့် အယ်စီစီဟာ ဆန္ဒပြပြည်သူတွေရဲ့ တောင်းဆိုချက်အတိုင်း ၎င်းကို ရာထူးတိုးမြှင့်ပေးခဲ့ တဲ့ သမ္မတ မော်စီကိုရာထူးက ဖြုတ်ချကာအာဏာသိမ်းခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ်ထားခဲ့ပါတယ်။
(၂၀၁၁) အီဂျစ်တော်လှန်ရေးမှာ သမ္မတ မူဘာရက်ကို ရာထူးကပြုတ်ကျစေမှုအတွင်း အီဂျစ် စစ်တပ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး (၂၀၁၃) ခုနှစ်ကရွေးချယ်ခံ အစ္စလာမ္မစ်အီဂျစ်သမ္မတ မိုဟာ မက်မော်စီကို အာဏာသိမ်းမှုကိုလည်း အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။ ကိုင်ရိုမြို့မှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အယ်စီစီဟာ လူငယ်ဘဝမှာ အီဂျစ်စစ်တပ်ထဲကို ဝင်ရောက်ခဲ့ပြီး ဆော်ဒီအာရေးဗျ၊ အမေရိကန်၊ ဗြိတိန် နိုင်ငံတို့မှာလည်း စစ်ပညာနဲ့ စစ်ထောက်လှမ်းရေးတွေကို လေ့လာသင်ယူခဲ့ဖူးသူဖြစ်ပါတယ်။ အယ်စီစီဟာ (၁၉၇၇)ခုနှစ်မှာ အီဂျစ်စစ် တပ်မှာအရာရှိစတင်ဖြစ်ခဲ့ပြီး (၂၀ဝ၈)ခုနှစ်မှာ အီဂျစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တပ်မှူးဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အယ်စီစီဟာ အီဂျစ်စစ်တပ် ရဲ့အမြင့်ဆုံးကောင်စီမှာအသက်အငယ်ဆုံး ကောင်စီဝင် အဖြစ်ပါဝင်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရဲ့ ကာကွယ် ရေး ဦးစီးချုပ် မခန့်အပ်ခံရမိအချိန်အထိ အီဂျစ်နိုင်ငံမှာလူသိနည်းသူတစ်ဦးဖြစ်ခဲ့ပေမယ့်အီဂျစ်သမ္မတ မော်စီက အယ်စီစီကို (၂၀၁၂)ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်ခန့်အပ်ခံရပြီးနောက် အီဂျစ်နိုင်ငံ မှာလူသိများခဲ့သူဖြစ်ပါတယ်။
အယ်စီစီဟာ ကာကွယ်ရေးဦးစီးချုပ်ခန့် အပ်ခံရပြီးနောက်မကြာမီ (၂၀၁၃)ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူထုဆန္ဒပြပွဲတွေအတွင်း ၎င်းကို ရာထူးတိုး မြှင့်ခန့်ထားပေးခဲ့တဲ့သမ္မတ မော်စီကို ရာထူးက ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုလုပ်ဆောင်ခဲ့တဲ့အတွက်အမေရိကန်အပါအဝင် အနောက် အုပ်စုနိုင်ငံတွေရဲ့ ဖိအားမျိုးစုံကိုရင်ဆိုင်ခဲ့ရ ပေမယ့်လက်ရှိအချိန်အထိ တောင့်ခံနိုင်ခဲ့ပြီး သမ္မတအဖြစ် ဆက်လက်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အယ်စီစီဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဖိအားတွေကိုရင်ဆိုင်ခဲ့ရ ပေမယ့် ပြည်တွင်းမှာတော့ ရွေးကောက်ပွဲအတွင်း မဲအများဆုံးရရှိခဲ့တဲ့အတွက် သမ္မတအဖြစ် နှစ်ကြိမ် တိုင် ရွေးကောက်ခံခဲ့ရပါတယ်။ မော်စီထံကနေ အာဏာသိမ်းခဲ့ချိန်က အီဂျစ်ပြည်သူတွေဟာ အယ်စီစီကို အားပေးထောက်ခံခဲ့ပြီး အဲဒီအချိန်တုန်းက ကမ္ဘာကျော်တိုင်းမ်မဂ္ဂဇင်းရဲ့ Time Person of the Year ဆုတွေလည်းရရှိခဲ့ဖူးပါတယ်။
ဒါ့ပြင် အီဂျစ်ပြည်သူတွေသာမက အီဂျစ် နိုင်ငံရေးပါတီတွေကလည်း အယ်စီစီကို ထောက်ခံခဲ့ ပါတယ်။ ဒါပေမဲ့ အယ်စီစီဟာ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းချိန်မှာတော့ အီဂျစ်နိုင်ငံ အတွင်း အယ်စီစီကို နိုင်ငံရေးပါတီတွေက ဝေဖန် ခဲ့ပါတယ်။ အီဂျစ်နိုင်ငံရေးပါတီတွေက နိုင်ငံကို ဒီမိုက ရေစီ ဖြစ်အောင်လုပ်ဆောင်မယ်ဆိုတဲ့ အယ်စီစီရဲ့ ကတိစကားတွေကို မယုံကြည်ကြောင်းပြောဆို လာခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပတဲ့ (၂၀၁၄) ခုနှစ်သမ္မတရွေးကောက်ပွဲမှာ အယ်စီစီ ဟာ သမ္မတအဖြစ် ဆန္ဒမဲ (၉၀)ရာခိုင်နှုန်းကျော်ရရှိခဲ့ပြီးအဓိကပါတီကြီးဖြစ်တဲ့ အီဂျစ်နိုင်ငံရဲ့မွတ်စလင် ညီ နောင်များပါတီ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိဘူးလို့ သိရပါ တယ်။
အီဂျစ်နိုင်ငံရဲ့မွတ်စလင် ညီနောင်များပါတီ ဟာ အီဂျစ်နိုင်ငံမှာ လူကြိုက်များတဲ့ပါတီတစ်ခုဖြစ် ပြီး ပါတီဝင်အရေအတွက် အနည်းဆုံး (၂ ဒသမ ၅)သန်းရှိခဲ့တဲ့ပါတီဖြစ်ပါတယ်။ ဒါပေမဲ့ အီဂျစ်စစ်တပ် ဟာ မွတ်စလင်ညီနောင်များပါတီခေါင်းဆောင် မော်စီ ကို ရာထူးကဖြုတ်ချကာအာဏာသိမ်းမှုနဲ့အတူ မွတ်စလင်ညီနောင်များပါတီကိုလည်း ပိတ်ပင်တားဆီးတာ တွေ၊ ပိုင်ဆိုင်မှုတွေ သိမ်းခဲ့တာတွေလုပ်ခဲ့ရာ (၂၀၁၄)ခုနှစ်အတွင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး။
အီဂျစ်စစ်ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သလို အီဂျစ်သမ္မတ အယ်စီစီရဲ့လုပ်ရပ်တွေဟာ အာဏာရှင်ဆန်လာတယ်လို့အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကပြောပါတယ်။ အယ်စီစီ ဟာ အီဂျစ်သမ္မတထံကနေ အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းကတည်းက လက်ရှိအချိန်အထိ အမေရိ ကန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့ပြီးအမေရိကန်အစိုးရက အီဂျစ်နိုင်ငံအတွင်း လူ့အခွင့်ရေးအ ခြေနေတွေတိုးတက်ကောင်းမွန်အောင် ဖိအားပေး နေဆဲဖြစ်ပါတယ်။ သမ္မတအဖြစ်တာဝန်ယူချိန် အတွင်း အမေရိကန်ဦးဆောင်တဲ့ အနောက် အုပ်စုနိုင်ငံတွေနဲ့ အပြန်အလှန်ဆက်ဆံရေးမျှော်လင့် သလောက်မကောင်းခဲ့ပေမယ့် အာဖရိကတိုက်အ တွင်းရှိနိုင်ငံများ၊ရုရှား၊ တရုတ်နိုင်ငံတို့နဲ့ ဆက်ဆံရေး ကောင်းမွန်ခဲ့သလို အစ္စရေး၊ပါလက်စတိုင်းတို့နဲ့ လည်းဆက်ဆံရေးပြေလည်ခဲ့ပါတယ်။
အီဂျစ် သမ္မတအယ်စီစီဟာ လက်ရှိအ ချိန်မှာ အနောက်အုပ်စုနိုင်ငံတွေရဲ့ဖိအားမျိုးစုံရင်ဆိုင် နေရပေမယ့် ၎င်းရဲ့သမ္မတသက်တမ်းကိုတိုးမြှင့် နိုင်ဖို့ကြိုးပမ်းနေရာ နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင် နေရပါတယ်။ ဒါပေမဲ့ အယ်စီစီသမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း အီဂျစ်နိုင်ငံရဲ့စီးပွားရေးဟာ ရာထူး ကဖြုတ်ချခံရတဲ့ သမ္မတမော်စီ၊ သမ္မတမူဘာရက် လက်ထက်တို့နဲ့နှိုင်းယှဉ်ရင် အနည်းငယ်တိုးတက် ကောင်းမွန်လာနေပါတယ်။ အီဂျစ်အတိုက်ခံနိုင်ငံရေး သမားတွေ၊ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေ က အယ်စီစီကို ဝေဖန်ပြစ်တင်မှုတွေလုပ်ဆောင်နေပေမယ့် အယ်စီစီကတော့ ၎င်းရဲ့မူဝါဒအတိုင်း ဆက် လက်လုပ်ဆောင်ခဲ့ပြီး (၂၀၂၃)ခုနှစ်က ကျင်း ပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရ ရှိခဲ့ပါ တယ်။ ဒါကြောင့်လည်း အယ်စီစီဟာ (၂၀၂၄)ခုနှစ် ဧပြီလ (၂)ရက်မှာ သမ္မတ သက်တမ်းကို တတိယ အကြိမ်မြောက် ဆက်လက်တာဝန်ယူဖို့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်ရာ အီဂျစ်နိုင်ငံကို နောက်ထပ် (၅) နှစ်နီးပါးတာဝန်ယူခွင့်ရတော့မှာဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ လက်နက်အရောင်းအဝယ် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာပဋိပက္ခများအတွက် လောင်စာ
RELATED POSTS
15 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
15 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ
14 Nov 2024 | ဆောင်းပါး,နိုင်ငံတကာ