ရန်ကုန်မြို့လယ်ခေါင်၌ တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင် ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ကားလုယက်ယူဆောင်ပြီးနောက် ရပ်ထားသည့် ကား(၁၀)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ရင်ဘက်တူ ညီကိုများပရဟိတလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၁၁ ရက်)၊ ည ၁၂ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်၊ ယုဇနပလာဇာရှေ့၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တာမွေပလာဇာရှေ့မှာ လူ(၃)ယောက်က တက္ကစီတားစီးကြတယ်။ အဲဒီထဲက တစ်ယောက်က တက္ကစီသမားရဲ့လည်ပင်းနားကို ဓားနဲ့ထိုးပြီး အဲဒီအနားမှာ ပစ်ချခဲ့တာ။ ပြီးတော့ ကားကိုမောင်းပြေးလာခဲ့တာမှာ ယုဇနပလာဇာ ရှေ့လည်းရောက်ရော ရပ်ထားတဲ့ ကားတွေကို ဝင်တိုက်ပြီးတော့ ထိပ်ဆုံးကကားလည်းကြရော ကားဘီးက ကား(၂)စီးကြားထဲဝင်သွားတာ။ အဲဒီမှာဆက်မောင်းလို့ မရတော့တဲ့အခါကြ သူတို့က ဆင်းပြေးကြတာမှာ ရပ်ကွက်ထဲက လူတွေက ဝိုင်းဖမ်းလိုက်ကြတာ”ဟု ရင်ဘက်တူ ညီကိုများ ပရဟိတလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါဖြစ်စဉ်တွင် ဓားဖြင့်အထိုးခံသည့် အသက်(၅၀)ကျော် တက္ကစီယာဉ်မောင်းအမျိုးသားသည် လည်ပင်းထိုးသွင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကားဖြင့်ဝင်တိုက်ခံရမှုကြောင့် ယုဇနပလာဇာရှေ့တွင် ရပ်ထားသည့် ကား(၁၀)စီးခန့်သည်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ ကြောင်း သိရသည်။
“ကားပေါ်မှာက မိန်းကလေးက(၂)ယောက်ပါတယ်။ ယောက်ျားလေးက တစ်ယောက်ပါတယ်။ သူတို့(၃)ဦးထဲကမှ ယောက်ျားလေးက အရက်သောက်ထားတဲ့ပုံစံပါ။ ကောင်မ လေး(၂)ယောက်ကတော့ စမ်းချောင်းကလို့သိရတယ်။ ကောင်လေးကတော့ သေချာမသိရ သေးဘူး။ လူငယ်တွေပါပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားကို ရင်ဘက်တူ ညီကိုများလူမှုကယ်ဆယ်ရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူအား တာမွေမြို့မရဲစခန်းမှ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း