ဆက်ကြေးမပေးသဖြင့် လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် KIO/KIA အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့ဟု နစက ထုတ်ပြန်
Pearl (NSS) - ဖေဖော်ဝါရီ ၉
ဆက်ကြေးမပေးသဖြင့် လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် KIO/KIA အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့သည်ဟု နစက က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇) ရက်၊ ညနေ (၄) နာရီ (၄၀) မိနစ်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ စန်းရွှင်ဟိုတယ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဟိုတယ်ရှေ့တွင် ဒေသန္တရမိုင်းဟုယူဆရသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲမှုကြောင့် ဟိုတယ်မှ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးဆေးပလယ်(၂၇)နှစ် နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားလာသော မချောစုအောင် (၁၈)နှစ်တို့တွင် မိုင်းစ ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
စိစစ်ချက်အရ ဟိုတယ်ရှေ့သို့ အမျိုးသား(၂)ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဆိုင်ကယ်အား ဟိုတယ်ရှေ့ လမ်းဘေးတွင် ရပ်၍ ၎င်းတို့ ပြန်လည်ထွက်ခွာသွားပြီး မကြာမီ အဆိုပါဆိုင်ကယ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဟု နစကမှ ဆိုသည်။
ထို့ပြင် စိစစ်ချက်အရ ဖေဖော်ဝါရီလ(၃)ရက် ရက်စွဲဖြင့် KIO/KIAအဖွဲ့က စန်းရွှင်ဟိုတယ်သို့လိပ်မူပြီး ၎င်းတို့အဖွဲ့ထံ ဖေဖော်ဝါရီလ ၅ ရက်မတိုင်မီ အခွန်ငွေအား မပျက်မကွက်ပေးသွင်းရန်နှင့် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့်အကြောင်းကြားစာအား လာရောက် ပေးပို့ခဲ့သော်လည်း ပေးသွင်းခဲ့ခြင်းမရှိသဖြင့် ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရ သည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ KIO/KIA လက်နက်ကိုင်အဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲခဲ့သူ အမျိုးသား ၂ ဦးအား လားရှိုးမြို့မ ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅ဝ(ဈ)/၅၄ နှင့် အမှုဖွင့်လှစ်ပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်ကလည်း လားရှိုးမြို့ရှိ CS ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များနှင့်ဒရုန်းများကို တိုက်ခိုက်မှုများလုပ်ဆောင်ကာ ဖျက်ဆီးပစ်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ