အာဖရိကကမ်းရိုးတန်း၌ ဓားစာခံဖြစ်ခဲ့ရသည့် မြန်မာသင်္ဘောသား (၈) ဦး တစ်လကျော်အကြာတွင် ပြန်လည်လွတ်မြောက်
Pearl (NSS) - ဖေဖော်ဝါရီ ၃
အာဖရိကကမ်းရိုးတန်း၌ ဓားစာခံဖြစ်ခဲ့ရသည့် မြန်မာသင်္ဘောသား (၈) ဦး တစ်လကျော်အကြာတွင် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ် (MSF) ထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလပိုင်းက အရာရှိတစ်ဦးပါအဝင် မြန်မာနိုင်ငံသားသင်္ဘောသား ၈ ဦး နှင့် အာဖရိကတိုက်မှ သင်္ဘောသား ၁ ဦးကို အနောက်ပိုင်း အာဖရိကကမ်းရိုးတန်း၌ ပင်လယ်ဓားပြများက ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်းပိုင်းပေ့ါလေ သင်္ဘောပေါ်ကို ပင်လယ်ဓားပြက ဓားပြတိုက်တယ်။ များသော အားဖြင့်ကတော့ ဓားပြတိုက်ရင်သင်္ဘောအစင်းလိုက်ကို ဓားစာခံအဖြစ်ခေါ်သွားလေ့ရှိတယ်။ ဒီတစ်ခေါက်ကတော့ နည်းနည်း ထူးခြားဖြစ်စဉ်လေးက သင်္ဘောပေါ်ကို တက်ပြီးတိုက်တဲ့ ဓားပြက သင်္ဘောကို ချန်ထားခဲ့ပြီးတော့ မြန်မာအရာရှိနဲ့ အခြားအဆင့် စုစုပေါင်း ၈ ယောက်ရယ်၊ အာဖရိကတိုက် သားတစ်ယောက်ရယ် စုစုပေါင်း ၉ ယောက်ကိုပဲ ဖမ်းသွားတယ်ပေါ့လေ။ သင်္ဘောကို ထားခဲ့တယ်" ဟု MSF မှ ဥက္ကဋ္ဌ ကပ္ပတိန် ဦးစိုးမင်းအောင်က ပြောသည်။
ထိုသို့ ဖမ်းဆီးခံရပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ "ဒီကိစ္စတွေက ပုံမှန်အားဖြင့် ဖြစ်နေကျဆိုတော့ ဖြန်ဖြေပေးတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ ရှိတယ်ပေါ့နော်။ အဲဒါနဲ့ ပြန်ရဖို့ ပြောဆိုတဲ့ အချိန်မှာ ပြန်ရကြတယ်ပေါ့နော်။ ပြန်ရတော့ မြန်မာနိုင်ငံကို မကြာခင် ရက်အနည်းငယ်အတွင်း ပြန်ရောက်မယ့် အခြေအနေလေး ရှိပါတယ်" ဟု ၎င်းက ပြောသည်။
အလားတူ ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အာဖရိက ကမ်းရိုးတန်း၌ ဆိုမာလီယာပင်လယ် ဓားပြများက သင်္ဘောကို ဓားပြတိုက်ကာ သင်္ဘောနှင့်အတူ မြန်မာသင်္ဘောသားများ အပါအဝင် သင်္ဘောသားများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေ့ရှ်က အိန္ဒိယမှ အာလူး တန်ချိန် သုံးသောင်းကျော်ကို နယ်စပ်ဂိတ်မှတင်သွင်းမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ