မုဒုံမြို့နယ်၌ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၃၀)ကျော် ထိခိုက်ဒဏ်ရာရ
စော၊ သန့်ဇင် (NSS)-ဇန်နဝါရီ ၃၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီလ ၃၁ရက်) မွန်းလွဲ (၁)နာရီ ဝန်းကျင်အချိန်တွင် မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ နှင့် နိုင်လုံကျေးရွာကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“မှောက်ရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးဘူး။ လူနာကတော့ (၃၂)ယောက်ရှိတယ်။ သိသလောက်တော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားရတဲ့ လူသုံး၊ လေးယောက်ရှိတယ်။ တစ်ချို့ကလေးတွေကြတော့ ပွန်းပဲ့လောက်ပဲရ တယ်”ဟု သစ္စာပန်းခင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးငယ်များ အပါအဝင် လူ (၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့သည် ကမာဝတ် ဆေးရုံ၊ မုဒုံဆေးရုံနှင့် မော်လမြိုင်ဆေးရုံတို့၌ ဆေးကုသမှုခံယူလျက်ရှိသည်။
အလားတူ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ယနေ့(ဇန်နဝါရီလ ၃၁ ရက်)၊ နံနက် (၁၀) နာရီဝန်းကျင်အချိန်တွင် ကြိတ်သားပြားများတင်ဆောင်လာသည့် တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
“တွဲကားကားက ဘီးလင်းဘက်ကနေ ကျောက်ဆည်ကို ကြိတ်သားပြားတွေသွားပို့တာလို့ သိရတယ်။ ယာဉ်မောင်း က အဲဒီနားက အကွေ့ မှာ နာရီကြည့်လိုက်တဲ့အချိန်မှာ သတိလက်လွတ်ဖြစ်ပြီး ကွေ့လိုက်တာမှာ မှောက်သွားတာ။ တွဲကားဆိုတော့ နောက်ကတွဲက ပက်လက်လန်ပြီး ကားခေါင်းကလည်း ကြေသွားတာပေါ့” ဟု ရင်ခုန်သံရှင်ရေး ကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ယာဉ်မောင်းအမျိုးသားနှင့် ယာဉ်နောက်လိုက်အမျိုးသားတစ်ဦးတို့၌ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့ကို အုတ်တွင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့တွင် BAIC SENOVA အမျိုးအစား ကားတစ်စီး ဘတ္ထရီဝါယာကြိုးပေါက်၍ မီးလောင်မှုဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ