ပြည်ပသို့ ပို့ဆောင်ရောင်းချရန် ပြင်ဆင်နေသည့် ကျပ် (၃၀)ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိ
Pearl (NSS) - ဇန်နဝါရီ ၂၂
ပြည်ပသို့ ပို့ဆောင်ရောင်းချရန် ပြင်ဆင်နေသည့် ငွေကျပ် (၃၀)ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ မကျီးရေကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာအနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်စောက်မှ နောင်ချိုသို့ နိုင်ဦး မောင်းနှင်ပြီး ချစ်ကောင်း လိုက်ပါလာသည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် စက္ကူဂျပ်ဖာများ နှင့် ဘီယာဖာများ၏အောက်၌ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၃၀ ဘီလျံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့၊ နေ့လည် (၁) နာရီတွင် သိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များကို သယ် ဆောင်ခိုင်းသူ ဇော်မျိုးလင်း(ခ)ကိုလင်းအား ရပ်စောက် တိုးဂိတ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
"ဖြစ်စဉ်မှန်ပါတယ်။ (၂)တန် ၊ တန်ဖိုးအားဖြင့် (၃၀)ဘီလျံ ဖမ်းမိတာပါ။ အဲဒီလောက်ကြီး တန်နဲ့ချီပြီးသယ်လာတာတော့ ပြည်တွင်းထဲမှာ ရောင်းဖို့တော့မဟုတ်ဘူး။ ပြည်တွင်းထဲမှာက တစ်ပိုင်တစ် နိုင်လောက်လေး (၅)ကီလို၊ (၁၀)ကီလိုလောက်လေး ခွဲသယ်ပြီး ရောင်းကြတာ။ ဒီလောက်များရင်တော့ တစ်နေရာမှာထားပြီး တစ်ဖက်နိုင်ငံကို ပို့ဖို့စီစဉ်တာပေါ့။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကတော့ ပို့ပုံပို့နည်းတော့ မတူဘူးပေါ့။ သူ့လမ်းကြောင်းနဲ့သူပေါ့" ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၏ ရဲအရာရှိတစ်ဦးက NSS ကို ပြောသည်။
ထိုသို့ သိမ်းဆည်းရမိသော အိုက်စ်(မက်သ်အဖက်တမင်း)များ ကို ရှမ်းပြည်နယ်မှ ဧရာဝတီတိုင်းသို့ သယ်ဆောင်ကာ ထိုမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အထက်ပါမူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလပိုင်းတွင်လည်း ကျပ်ဘီလျံ (၅၀)ကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များကို ရန်ကုန်မြို့၌ စံချိန်တင်သိမ်း ဆည်းရမိခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းပေါ်မှာ လိင်ကိစ္စ အပါအဝင် မဖွယ်မရာလုပ်နေတာတွေ ၊ အွန်လိုင်းလောင်းကစားလုပ်နေတာတွေကို ရှာဖွေဖမ်းဆီးနေပြီ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ