အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေမှုတွေကို အဆုံးသတ်လိုက်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးပြော
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၂
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး ဒီဆန်းတစ်သာ ရီပတ်ဘလီကန်ပါတီ ကိုယ်စားပြုပြီး သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့်အစီအစဉ်ကို အဆုံးသတ်လိုက်ကြောင်း သိရပါတယ်။
ဒီဆန်းတစ်ဟာ လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုတဲ့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရဖို့ပါတီအတွင်း ကနဦးယှဉ်ပြိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အဆုံးသတ်လိုက်ကြောင်း သိရပါတယ်။
ရီပတ်ဘလီကန်ပါတီကိုယ်စားပြုသမ္မတအလောင်းအဖြစ် ကြိုးပမ်းနေသူတွေထဲမှာ သမ္မတဟောင်းဒေါ်နယ်ထရမ့် နဲ့ သံအမတ်ကြီးဟောင်း နီကီဟာလေးတို့ ဦးဆောင်နေကြောင်း သိရပါတယ်။ ဒီဆန်းတစ်ဟာ သမ္မတလောင်း အဖြစ်မှ ပါဝင်ယှဉ်ပြိုင်နေခြင်းကို အဆုံးသတ်လိုက်ပေမယ့် သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို ထောက်ခံသွားမယ် လို့ ပြောပါတယ်။
ဒီဆန်းတစ်ဟာ ဒေါ်နယ်ထရမ့်ကို အားပေးထောက်ခံခဲ့ပေမယ့် နီကီဟာလေးကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ နီကီဟာလေးနဲ့ ဒေါ်နယ်ထရမ့်တို့ဟာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုတဲ့ အမေရိကန်သမ္မတ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ အကြိတ်အနှယ်ယှဉ်ပြိုင်နေရာ အပြန်အလှန်ဝေဖန်ပြစ်တင်နေကြောင်း သိရပါတယ်။
နီကီဟာလေးက အသက် ၇၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့စိတ်ပိုင်းအခြေအနေများကို မေးခွန်းထုတ် စရာဖြစ်နေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ပြစ်တင်ခဲ့ပါတယ်။ နီကီဟာလေးက ဒေါ်နယ်ထရမ့်ဟာ ၂ဝ၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ လွှတ်တော်အဆောက်အဦး အကြမ်းဖက်ခံရမှုတွေကို တားဆီးနိုင်ခြင်းမျိုးမရှိကြောင်း ပြောပါတယ်။
ဒီဆန်းတစ်က ၎င်းအနေနဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့်နဲ့ အမြင်သဘောထားကွဲလွဲမှုတွေရှိခဲ့ပေမယ့် ဒေါ်နယ်ထရမ့်ဟာ သမ္မတဂျိုးဘိုင်ဒန်ကို အနိုင်ယူနိုင်ဖို့ တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲကိုလာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမှာဖြစ်ရာ နိုင်ငံရေးပါတီတွေဟာ လက်ရှိ အချိန်တည်းက ပါတီအတွင်း မဲဆွယ်စည်းရုံးမှုတွေလုပ်ဆောင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံမှာ ဆောင်းရာသီကာလအတွင်း ရာသီဥတုဆိုးရွားမှုတွေကြောင့် အနည်းဆုံးလူပေါင်း ၉ဝ နီးပါး သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ