မော်လမြိုင်မြို့တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မော်လမြိုင်-ကျိုက္ခမီသွားကားလမ်း တွင် ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံး၍ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၁ ရက်)၊ ည ၈နာရီ ၅၆မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်၊ မော်လမြိုင်-ကျိုက္ခမီ သွားကားလမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မုဒုံဘက်ကနေ မော်လမြိုင်ဘက်ကိုမောင်းလာတဲ့ Probox ကားက ဆိုင်ကယ်ကိုရှောင်ရင်းနဲ့ သူနဲ့လားရာတူမောင်းလာတဲ့ သုံးဘီး ကားကို ဝင်တိုက်မိတာ။ တိုက်တဲ့အရှိန်ကလည်းများတော့ သုံးဘီးက လူတွေကအကုန်လွင့်ထွက်သွားပြီး ကလေးတွေဆိုရင် လိုက်ရှာယူရတယ်။ ပြီးတော့ ဆိုင်ကယ်ကိုထပ်ပြီးတိုက်မိတာ”ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် (၃)ဘီးကားပေါ်တွင်လိုက်ပါလာသည့် အသက်(၃၅)နှစ်အရွယ် မမိုးမိုးဝင်း၌ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“အားလုံးစုစုပေါင်း(၁၂)ယောက် ဒဏ်ရာရတဲ့အထဲမှာ (၃)ဘီးကားပေါ်က အမျိုးသမီးတစ်ဦးက ယာဉ်တိုက်မှုဖြစ်တော့ လမ်းပေါ်ပြုတ်ကျခဲ့တာ။ အဲဒီအမျိုးသမီးကတော့ ဆုံးသွားတယ်။ ကလေးတစ်ယောက်လည်း သွားတွေအကုန်ကျွတ်သွားပြီး ဒဏ်ရာပြင်း ပြင်းထန်ထန် ရသွားတယ်။ အဲဒီကလေးကလည်း စိုးရိမ်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသမီးနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအသင်း၊ မော်လမြိုင် Rescue လူမူ ကယ် ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မုဒုံကန်ကြီးလူငယ်လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် မိုးစေတနာလူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“မော်လမြိုင်မှာက (၂၀၂၁)ခုနှစ်ကစပြီး ခုလိုယာဉ်တိုက်မှုမျိုး မဖြစ်တာကြာပြီပေါ့နော်။ ယာဉ်တိုက်မှုတွေက အခု(၂၀၂၄)ခုနှစ် နှစ်ဆန်းပိုင်းမှာ နေတိုင်းလိုလိုပြန်ဖြစ်လာတာတွေ တွေ့ရတယ်။ အဲဒါကြောင့် ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့၊ အရှိန်တွေလျှော့မောင်းဖို့နဲ့ မလိုအပ်ဘဲ အပြင်သွားတာတွေမလုပ်ဖို့ပဲ ပြောချင်တယ်”ဟု အထက်ပါလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။
အလားတူ အဆိုပါနေ့၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် မော်လမြိုင်မြို့၊ တောင်ဝိုင်းဓာတ်အားခွဲရုံအနီး၊ TTC ကျောင်းလမ်း၌ HIJET ကားတစ်စီး လမ်းဘေးရှိသစ်ပင်အားဝင်တိုက်မိခဲ့ရာ ကလေးငယ်(၆)ဦးအပါအဝင် လူ(၇)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေမှုတွေကို အဆုံးသတ်လိုက်ကြောင်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ