ကျောက်တင်ကားနှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ ကားကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးမှု အုတ်တွင်းမြို့၌ဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၂၁
ပဲခူးတိုင်း၊ အုတ်တွင်းမြို့တွင် ကျောက်တင်ကား နှင့် ဆိုင်ကယ်တို့တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ ကားကြိတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့ (ဇန်နဝါရီလ ၂၁ ရက်)၊ နံနက် ၁၁ နာရီ ၄ဝ မိနစ်အချိန်တွင် အုတ်တွင်းမြို့၊ လမ်းဆုံမီးပွိုင့်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တောင်ငူဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းလာတဲ့ ကျောက်တင်တဲ့ Faw ကားနဲ့ ဆိုင်ကယ်နဲ့တိုက်မိတာ။ အဲဒီလို တိုက်မိတော့ ဆိုင်ကယ်သမားက ကားရဲ့အောက်ကိုရောက်သွားပြီး Faw ကားရဲ့ နောက်ဘီးနဲ့ ခါးအထက်ပိုင်းကို တက်ကြိတ်မိတာ” ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက်(၅ဝ)နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသားတွင် ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိ ကာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားကြိတ်ခံရတဲ့အမျိုးသားက မိသားစုနဲ့တော့ အဆက်အသွယ်မရသေးဘူး။ ကားသမားကလည်း ကားကိုထားပြီး ထွက်ပြေးသွားတယ်။ ရဲကတော့ လက်ရှိ စုံစမ်းနေတုန်းပေါ့။ အုတ်တွင်းမှာက အခုလိုမဖြစ်တာကြာပြီ။ အခုလပိုင်း အတွင်းမှာ ပြန်ဖြစ်နေတာ။ အကြံပြုချင်တာကတော့ ယာဉ်မောင်းတွေကို ယာဉ်စီးကမ်းလမ်းစည်းကမ်းလိုက်နာဖို့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း မြို့တွင်းမြို့ပြင် မောင်းရမဲ့ ကီလိုတွေကို သတ်မှတ်ပြီး လိုက်နာဖို့ တိုက်တွန်း ပေးစေချင်တယ်” ဟု ၎င်းက အကြံပြုပြောထားသည်။
လက်ရှိတွင် သေဆုံးသူအမျိုသား၏ ရုပ်အလောင်းကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ အုတ်တွင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ကျောက်တင်ကားမောင်းသူအား သက်ဆိုင်ရာမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလက ၁၃ ရက်တွင်လည်း အုတ်တွင်းမြို့ရှိ OK စက်သုံးဆီဆိုင်အဝန်းအတွင်း၌ ရပ်ထားသည့်ကားအား တွဲကားမှ ဝင်တိုက်မိခဲ့ရာ ကားအောက်တွင် အိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၃ ခုနှစ်တွင် အမျိုးသားသွေးဌာနမှ ဆေးရုံများကို လှူဒါန်းထားသည့် သွေးယူနစ် (၉ဝဝဝဝ)ကျော် ဖြန့်ဝေပေးနိုင်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ