ရန်ကုန်၌ ကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုတွင် (၃)နှစ်နီးပါး လွတ်မြောက်နေသည့် မူးယစ်ဆေးကွင်းဆက်တရားခံကိုပါ ဖမ်းမိ
သန့်ဇင်(NSS) - ဇန်နဝါရီ ၂၀
ရန်ကုန်၌ ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိမှုတွင် (၃)နှစ်နီးပါး လွတ်မြောက်နေသည့် မူးယစ်ဆေးကွင်းဆက်တရားခံကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သော ဇန်နဝါရီလ ၇ ရက်၊ မွန်းလွဲ ၃နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ တော်ဝင်လမ်းရှိ စားသောက်ဆိုင်အနီးမှ ကွင်းဆက်များအား စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစားသောက်ဆိုင်အနီးတွင် သန်းစိုး၊ မောင်ရွှေသန်း(ခ)ကျော်သန်း၊ မောင်ဦးသန်းဌေး(ခ)နာယက၊ နှစ်ဦးမောင် (ခ)ကြက်ဖ၊ စည်သူမိုး၊ လင်းလင်းထူး(ခ)လင်းချေ၊ မောင်ရွှေသိန်းနှင့် နေဇော်လက်တို့(၈)ဦးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ၎င်းတို့ထံမှ TOYOTA SUCCEED ကားတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးချက်အရ ညနေ ၆နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရဲရန်အောင်လမ်းရှိနေအိမ်တစ်လုံးအတွင်းမှ မစောခင်ကျော်(ခ)စောခင်ကို စိတ်ကြွရူးသွပ်ဆေးပြား (၆)သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်များအရ ဖမ်းမိသူ သန်းစိုးငှား ရမ်းနေထိုင်သော မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၉သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း(၃)၊ ခေမာသီလမ်းသွယ်(၂)တွင် စိတ်ကြွရူးသွပ်ဆေးပြား များ သယ်ဆောင်ရောင်းဝယ်ရာ၌ အစုရှယ်ယာပါဝင်သူ ကျော်လင်းဒါ၏ ဆောက်လုပ်ရေးကုမ္ပဏီမှ AD Van ကားတစ်စီးကိုလည်း ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းမိတရားခံများအနက် မောင်ရွှေသန်း(ခ) ကျော်သန်းသည် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလတွင် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၅သိန်းဖမ်းဆီးရမိမှုနှင့် ရန်ကုန် တိုင်း၊ မှော်ဘီမြို့နယ်၊ ရေကျော်ကျေးရွာရှိ ၎င်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ ဒသမ ၄ သိန်းဖမ်းဆီးရမိမှုတို့၏ အဓိကကွင်းဆက်ကျူးလွန်သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၁ ဒသမ ၄၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉သိန်း ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ဥပဒေအရအရေးယူထားကာ ကွင်းဆက်ကျူးလွန်သူများအား စစ်ဆေးဖော် ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ