အင်အားသုံးခြိမ်းခြောက်မှုများမှာ ထိုင်ဝမ်ပြည်သူအများစုကို ရည်ရွယ်ခြင်းမျိုးမဟုတ်ကြောင်း တရုတ်အစိုးရပြော
Pika (NSS) - ဇန်နဝါရီ ၁၇
ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိစေရန်အတွက် အင်အားအသုံးပြုမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း နှင့် ၎င်း၏ ရပ်တည်ချက်မှာ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများ နှင့် ခွဲထွက်ရေးသမား အနည်းငယ် အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ဇန်နဝါရီလ(၁၇)ရက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်ဝမ်ကျွန်း နှင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးအတွက် လုပ်ဆောင်မှုများကို နေရာကျယ်ကျယ် ပြန့်ပြန့်ပေးလိုကြောင်း တရုတ်အစိုးရက ထပ်မံပြောကြားခဲ့သည်။ ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားသော အစိုးရသည် တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး ဆွေးနွေးပွဲများကိုသာ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်သည် ဇန်နဝါရီလ(၁၃)ရက်တွင် အာဏာရဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) မှ လိုင်ချန်တေးကို သမ္မတအသစ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ချန်းဘင်ဟွာက "ထိုင်ဝမ်ကျွန်းရဲ့ရွေးကောက်ပွဲရလဒ်က တရုတ်နဲ့ထိုင်ဝမ်တို့ဟာ နောက်ဆုံးမှာ ပြန်လည်ပေါင်းစည်းရမယ်ဆိုတဲ့အချက်ကို ပြောင်းလဲစေမှာ မဟုတ်ပါဘူး။ ထိုင်ဝမ်ကျွန်းနဲ့ ပြန်လည်ပေါင်းစည်းဖို့အတွက် အင်အားအသုံးပြုမှုကို စွန့်လွှတ်မယ်လို့ ကျွန်တော်တို့ ကတိပေး မထားပါဘူး။ ဒီရပ်တည်ချက်က ထိုင်ဝမ်ပြည်သူတွေ အများစုကို ရည်ရွယ်တာမဟုတ်ပါဘူး။ ပြည်ပတပ်ဖွဲ့တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ၊ ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေနဲ့ သူတို့ရဲ့ခွဲထွက်ရေးလှုပ်ရှားမှုတွေကိုပဲ ကျွန်တော်တို့ ပစ်မှတ်ထားတာပါ" ဟု ပြောခဲ့သည်။
ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်စလုံးသည် တရုတ်တစ်ပြည်တည်းဖြစ်သည်ဆိုသည့်အချက်ကို ထိုင်ဝမ်က အသိအမှတ်ပြုမှသာ ဆွေးနွေးပွဲများရှိလာမည်ဖြစ်ကြောင်း တရုတ်အစိုးရကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချီလီနိုင်ငံတွင် ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ