ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသား/သူများကို ခွင့်ပြုပေးနေ
ယွန်း( NSS) - ဇန်နဝါရီ ၁၆
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသား၊ကျောင်းသူများကို ခွင့်ပြုထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုသို့ဆောင်ရွက်မည်ဖြစ်ကြောင်းကို ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်)က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် တက္ကသိုလ်ဝင်စာစစ်ဌာနများကြိုတင် သတ်မှတ်ညှိနှိုင်းခြင်းအတွက် အစည်းအဝေးအပြီး ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်၏လက်ရှိ နိုင်ငံရေး အခြေအနေအရ လာမည့်(မတ်လ ၁၁ ရက်)တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနအလိုက် ကျောင်းသားများအဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနပြောင်းရွှေ့ဖြေဆိုလိုသူများကို စာစစ်ဌာနပြောင်းလဲလျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနပြောင်းရွှေ့ဖြေဆိုမည့် ကျောင်းသားများအနေဖြင့် စာမေးပွဲဖြေဆိုရမည့် ခုံနံပါတ် မရသေးသည့် အချိန်အထိ ပြောင်းလဲလျှောက်ထားခွင့်ရှိကြောင်း သိရသည်။
“ခုံနံပါတ်မထွက်မချင်းတင်လို့ရတယ်။ စာစစ်ဌာနကနေ ခုံနံပါတ်ထွက်လာရင်တော့ ပြောင်းလို့မရတော့ဘူးပေါ့။ စာစစ်ကလက်ခံတဲ့အတိုင်းအတာအထိ တင်လို့ရတယ်။ မြန်လေကောင်းလေပဲ။ အခုချက်ချင်းဆိုရင်တော့ပိုကောင်းတာပေါ့”ဟု ရခိုင်ပြည်နယ်ပညာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မြန်မာနိုင်ငံစာစစ်ဌာနက ရခိုင်ပြည်နယ်တွင် စာစစ်ဌာန(၇၃)ခု သတ်မှတ်ပေးထားပြီး ၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှစ၍ မသမာမှုကင်းရှင်းရေးကို အထူးဦးစားပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ(၁၁)ရက်မှ မတ်လ(၁၉)ရက်အထိ ပိတ်ရက်မရှိ ဖြေဆိုရမည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုရန် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း (၁၄၅၂ဝဝ)ခန့် စာရင်းပေးသွင်းထားပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံက အာဆီယံနိုင်ငံများထဲတွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံး သုံးစွဲသည့်နိုင်ငံများထဲတွင် အဆင့် ၇ နေရာတွင်သာ ရပ်တည်နေ
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း