ဂါဇာစစ်ပွဲ ပြင်းထန်နေချိန်တွင် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကျင်းပရန် တရုတ်အစိုးရ တောင်းဆို
Pika (NSS) - ဇန်နဝါရီ ၁၅
ဂါဇာကမ်းမြောင်ဒေသစစ်ပွဲ ပိုမိုပြင်းထန်လာနေမှုနှင့်အတူ ထိရောက်မှုရှိသော နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံ နှင့် နှစ်နိုင်ငံဖြေရှင်းချက်ကို အကောင်အထည်ဖော်ရန်အတွက် အချိန်ဇယားတစ်ခုပြုလုပ်ရန် တရုတ်နိုင်ငံက တောင်းဆိုထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောကြားခဲ့သည်။
ဝမ်ယိသည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့်အတူ အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်သည့်အမြင်များကို မျှဝေခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဝမ်ယိသည် အာရပ်နိုင်ငံများအဖွဲ့ချုပ်အတွင်းရေးမှူးနှင့်လည်း တွေ့ဆုံခဲ့ပြီး ပဋိပက္ခကိုဖြေရှင်းနိုင်ရန် အကူအညီဖြစ်စေမည့်အချက်များစွာကို အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဝမ်ယိသည် အီဂျစ်၊ တူနီးစီးယား၊ တိုဂို၊ အိုင်ဗရီကို့စ်နိုင်ငံတို့ကို သွားရောက်လည်ပတ်နေကြောင်းလည်း သိရသည်။
ဝမ်ယိက "ဂါဇာကမ်းမြောင်ဒေသပဋိပက္ခဟာ အပြစ်မဲ့ပြည်သူတွေ အများအပြားကိုသေဆုံးစေပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဘေးအန္တရာယ်တွေကိုဖြစ်ပေါ်စေပါတယ်။ ပြီးတော့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ အခြေခံအဆောက်အဦးများအားလုံး ဖျက်ဆီးခံခဲ့ရပြီး လူသန်းချီ အသက်ရှင် သန်ရန်အတွက် ရုန်းကန်နေရကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတတိယအသုတ်ကို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဝမ်ယိက "နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေရဲ့စိုးရိမ်မှုတွေကို သေချာနားထောင်သင့်ပါတယ်" ဟု ပြောခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂါဇာကမ်းမြောင်ဒေသစစ်ပွဲအခြေအနေများကို အရှိန်လျှော့ချရန် နှင့် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိရန် အရေးယူဆောင်ရွက်သင့်သည်ဆိုသည့်အချက်ကို အာရပ်နိုင်ငံများအဖွဲ့ချုပ်အတွင်းရေးမှူး Ahmed Aboul Gheit နှင့် ဝမ်ယီတို့က သဘောတူညီခဲ့ကြကြောင်း တရုတ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
၎င်းတို့နှစ်ဦးစလုံး က "ဩဇာအာဏာကြီးမားတဲ့နိုင်ငံတွေဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘက်မလိုက်ဘဲ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောင်စာဆီ အခဲသုံး အသံထက်မြန်သည့်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း