ထိုင်းနိုင်ငံမှာ ၂ နှစ်သားအရွယ်ကလေးအလောင်းကို ရေခဲသေတ္တာထဲ ဝှက်ထားမှုနဲ့ စုံတွဲတစ်တွဲ ဖမ်းဆီးခံရ
ရောင်နီ (NSS) - ဇန်နဝါရီ ၁ဝ
ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်မှာ စုံတွဲတစ်တွဲဟာ ၂ နှစ်အရွယ် ကလေးငယ်တစ်ယောက်ရဲ့အလောင်းကို ရေခဲသေတ္တာ ထဲထည့်ကာ သိမ်းဆည်းထားမှုဖြစ်ပွားခဲ့ပြီး ဒီအမှုကို ထိုင်းရဲတပ်ဖွဲ့က တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဆိုပါစုံတွဲကို ကလေးငယ်ရဲ့အလောင်း ဖုံးကွယ်ထားရှိမှုနဲ့ တရားစွဲဆိုမယ်လို့ ဒေသဆိုင်ရာ ဇန်နဝါရီ ၈ ရက်မှာ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူ ဟာနာရန်ဖရာဖာနွန်နဲ့ ဇနီးသည် မာရီဆိုသောင်အင်ရန်တို့ဟာ ကလေးသေဆုံးမှုကို ရဲတပ်ဖွဲ့ဆီ တိုင်ကြားသတင်းပို့ဖို့ ပျက်ကွက်ခဲ့ပါတယ်။
အကြောင်းကတော့ ဟာနာရန် (၃၁ နှစ်) နဲ့ မာရီဆာ (၂၅ နှစ်) ဟာ ၎င်းတို့ သူငယ်ချင်းရဲ့ ၂ နှစ်အရွယ် ကလေးငယ်ကို ခဏထိန်းပေးခဲ့ကြတာဖြစ်ပြီး ၎င်းတို့ နှစ်ယောက်လုံးမှာလည်း မူးယစ်ဆေးသုံးထားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ထိုင်းသတင်းဝက်ဘ်ဆိုက် Thaiger က ဇန်နဝါရီ ၆ ရက်နေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကလေးဟာ ကောက်ညှင်းထမင်းကို စားမိပြီး သေဆုံးသွားတယ်လို့ ဇနီးမောင်နှံက ပြောပါတယ်။ ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ အလောင်းစစ်ဆေးမှုရလဒ်အရ ၎င်းကို အတည်ပြုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ကလေးရဲ့လက်နဲ့ ခြေထောက် နေရာတွေမှာ ပွန်းပဲ့ဒဏ်ရာတွေ အများအပြား တွေ့ရတယ်လို့ ဆိုပါတယ်။
စုံတွဲရဲ့ပြောကြားချက်အရ ဇန်နဝါရီလ (၂)ရက်နေ့က ၎င်းတို့ ကလေးနဲ့ အတူအိပ်စက်ခဲ့ကြပြီး တရေးနိုးတော့ ကလေးရဲ့ လက်နဲ့ ပါးစပ်မှာ ကောက်ညှင်းတွေနဲ့ ပြည့်ကာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကလေးရဲ့မိဘတွေလာတော့ ရန်ရှာမှာစိုးတာနဲ့ ကလေးကို အိတ်တစ်ခုထဲထည့်၊ အဲဒီနောက်မှ ရေခဲသေတ္တာထဲ ပြောင်းထည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ကို တစ်အိမ်တည်းနေ ဟာနာရန်ရဲ့အဖွားဖြစ်သူက ခြံဝင်းအတွင်းမှ အနံ့အသက်ဆိုးတွေ ရှိနေတဲ့ အကြောင်း ရဲကို သတိပေးလိုက်ရာမှ ဖြစ်ရပ်အမှန်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါစုံတွဲကို ဆက်လက် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင် ကျန်းမာရေးပြန်ကောင်းမွန်နေပြီး မကြာခင် အိမ်ကိုပြန်နိုင်ဖွယ်ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ