အမျိုးသားတစ်ဦးကိုလုပ်ကြံသတ်ဖြတ်စဥ် နေအိမ်အတွင်းထိုင်နေသည့်အမျိုးသမီးတစ်ဦးပါ ကျည်ထိမှန်သေဆုံးမှု ကျိုက်ထိုမြို့နယ်၌ ဖြစ်ပွား
NSS - ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်ကျေးရွာတွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒေသခံနှစ်ဦးသေဆုံးခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယမန်နေ့(ဇန်နဝါရီလ ၄ ရက်)၊ နေ့လည်(၁)နာရီအချိန်ခန့်တွင် မုပ္ပလင်ကျေးရွာအတွင်းရှိ မုပ္ပလင်ဈေးအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မုပ္ပလင်ကျေးရွာ၊ ဗလီစုရပ်ကွက်တွင်နေထိုင်သူ ဦးညီညီလွင်သည် မုပ္ပလင်ဈေးသို့ ဈေးသွားဝယ်စဥ် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က နေ့လည်(၁)နာရီနီးပါးလောက်မှာ ဈေးနားမှာပဲဖြစ်သွားတာ။ သူဈေးသွားဝယ်တဲ့အချိန် ဈေးနားမှာပဲအပစ်ခံရတာပေါ့။ ပစ်ပြီးပြန်ထွက်သွားတဲ့ နှစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ပြန်မောင်းထွက်သွားတာတွေ့တယ်”ဟု အထက်ပါသတင်းအရင်းအမြစ်က NSS ကိုပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးညီညီလွင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဥ်သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါဈေးအနီးရှိနေအိမ်တွင် ထိုင်နေသည့် မနှင်းရည်ထွေးသည်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“ပစ်တာကတော့ တစ်ယောက်ထဲကိုပဲ ပစ်တာပေါ့။ နောက်ထပ်သေသွားတာက ဦးညီညီလွင်နဲ့ဘာမှမပတ်သက်ပါဘူး။ သူ့ဘာသူ အိမ်ထဲမှာထိုင်နေတာကို ကျည်ဆံက လာမှန်တာပါ။ အခင်းဖြစ်တဲ့နေရာမှာပဲဆုံးသွားတာ” ဟု ၎င်းက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ (၃ဝ)ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ အကောက်ခွန်ဝန်ထမ်း နှင့် ၎င်း၏ဇနီးဖြစ်သူကို အကြမ်းဖက်အဖွဲ့က နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၂၉)ကြိမ်မြောက် ကရင်အမျိုးသားပွဲတော်အထိမ်းအမှတ်အဖြစ် မြန်မာ-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့အထူးစိန်ခေါ်ပွဲကျင်းပမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ