ပက်ထရီယော့ဒုံးကျည်များဝယ်ယူနိုင်ရန် အဖွဲ့ဝင်နိုင်ငံများကို ကူညီပေးသွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ပြော
Pika (NSS) - ဇန်နဝါရီ ၄
ရုရှားက ယူကရိန်းမြို့များကို လေကြောင်းမှတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေစဉ် ဥရောပ၏လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပိုမိုအားကောင်းစေရန်အတွက် ပက်ထရီယော့ဒုံးကျည်(၁၀၀၀)ခန့်ဝယ်ယူရန် ဂျာမနီနိုင်ငံ နှင့် အခြားအဖွဲ့ဝင်နိုင်ငံများကို ကူညီပေးသွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ဂျာမနီ၊ ရိုမေးနီးယား၊ နယ်သာလန် နှင့် စပိန်နိုင်ငံတို့ပါဝင်သော ညွန့်ပေါင်းအဖွဲ့၏ ဒုံးကျည်ဝယ်ယူမှုများကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း နေတိုးအဖွဲ့၏ ထောက်ပံ့ရေးနှင့်ဝယ်ယူရေးအေဂျင်စီ(NSPA) က ဇန်နဝါရီလ (၃)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါသဘောတူညီချက်သည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးနေသော နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လက်နက်တိုက်များကို ပြန်လည်ဖြည့်တင်းရန် ကူညီပေးမည်ဖြစ်ပြီး ဥရောပနိုင်ငံများတွင် အမေရိကန်ထုတ် ပက်ထရီယော့ဒုံးကျည်များ ထုတ်လုပ်မှုကို ပိုမိုတိုးမြင့်လာစေမည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီကပြောကြားခဲ့သည်။
နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ်က "ဒီရင်းနှီးမြှုပ်နှံမှုဟာ နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာမှုတွေ၊ ပြည်သူတွေကို ဘေးကင်းအောင်ထားမယ့် ကျွန် တော်တို့ရဲ့ ကတိဝတ်တွေကို ပြသနေပါတယ်။ ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ယူကရိန်းအရပ်သားတွေ၊ မြို့တွေကို တိုက်ခိုက်နေတာဟာ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ပြသနေပါတယ်။ ခဲယမ်းမီးကျည်တွေ တိုးမြှင့်ထုတ်လုပ်တာဟာ ယူကရိန်းနဲ့ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
နေတိုးအဖွဲ့ ကျောထောက်နောက်ခံပြု ညွန့်ပေါင်းအဖွဲ့သည် ဒုံးကျည်အသစ်များ ထုတ်လုပ်ရန်အတွက် အမေရိကန်ကာကွယ်ရေးကန်ထရိုက်တာ Raytheon နှင့် ဂျာမနီကာကွယ်ရေးကန်ထရိုက်တာ MBDA ကြား ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သော COMLOG ကို အမေရိကန်ဒေါ်လာ(၅ ဒသမ ၅)ဘီလျံ တန်ဖိုးရှိ စာချုပ်ကို ပေးအပ်ခဲ့ကြောင်းလည်းသိရသည်။ နေတိုးအဖွဲ့သည် ဒုံးကျည်ထုတ်လုပ်မည့် စက်ရုံအသစ်တည်ဆောက်ခြင်း သို့မဟုတ် ဒုံးကျည်များ ပေးပို့ခြင်းတို့အတွက် အချိန်ဇယားကို အတိအကျ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၅၀၀)ကျော်ကို နစကမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ လှူဒါန်းပေးအပ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း