စစ်ဘက်သုံးဂြိုလ်တုအသစ်တစ်လုံးကို အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း ရုရှားအစိုးရပြော
Pika (NSS) - ဒီဇင်ဘာ ၂၈
ရုရှားလေကြောင်းအာကာသတပ်ဖွဲ့(RAF) သည် စစ်ဘက်သုံးဂြိုလ်တုအသစ်တစ်လုံးကို ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါစစ်ဘက်သုံးဂြိုလ်တုကို Soyuz-2.1b ဒုံးပျံနှင့်အတူ အာကာသထဲသို့ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဘက် ဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ဒီဇင်ဘာလ(၂၇)ရက် နံနက်(၁ဝ) နာရီ (၃)မိနစ်အချိန်မှာ RAF တပ်ဖွဲ့ဟာ Soyuz-2.1b ဒုံးပျံနဲ့အတူ စစ်ဘက်သုံးဂြိုလ်တုတစ်လုံးကို Arkhangelsk ဒေသမှာရှိတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အာကာသယာဉ်လွှတ်တင်တဲ့စခန်းကနေ ပတ်လမ်းကြောင်းထဲကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်" ဟု ထုတ်ပြန်ထားသည်။
စစ်ဘက်သုံးဂြိုလ်တုသည် ဒုံးပျံနှင့်အတူ ပတ်လမ်းကြောင်းထဲသို့ ချောမွေ့စွာရောက်ရှိသွားခဲ့ကြောင်း စစ်ဘက် ဆိုင်ရာတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်တစ်ခုလုံးကို မြေပြင်အခြေစိုက်ထိန်းချုပ်ရေးစခန်းက စောင့်ကြည့်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ရုရှားအစိုးရသည် Arkhangelsk ဒေသရှိ အာကာသယာဉ်လွှတ်တင်သည့် စခန်းတွင် Soyuz-2.1b ဒုံးပျံနှင့်အတူ အလားတူ လွှတ်တင်မှုမျိုးလုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းကလည်း Soyuz-2.1b ဒုံးပျံတစ်စင်းသည် အခြားသော စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာအများအပြားကို ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
သို့သော်လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ပတ်လမ်းကြောင်းအတွင်းသို့ ၎င်းတို့လွှတ်တင်ထားသော စက်ပစ္စည်းကိရိယာအရေအတွက် အတိအကျ၊လုပ်ဆောင်နိုင်စွမ်းများ နှင့် ရည်ရွယ်ချက်များကို ထုတ်ဖော်ပြောဆိုခဲ့ ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ရုရှားအစိုးရသည် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်မှ ၂ဝ၂၃ ခုနှစ် နိုဝင်ဘာ လ(၂၅)ရက်အတွင်း Soyuz-2.1b ဒုံးပျံ စုစုပေါင်း(၆၇)စင်းကို လွှတ်တင်ခဲ့ပြီး အဆိုပါကာလအတွင်း စက်ပစ္စည်း (၅၇၇) ခုကို ပတ်လမ်းကြောင်းထဲသို့ လွှတ်တင်ခဲ့ကြောင်း ရုရှားအာကာသအေဂျင်စီ Roscosmos ၏ အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားနှင့် ထရပ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦးသေဆုံး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း