ရန်ဖြစ်ထားသည်ကိုအငြှိုးထားပြီး ယောက္ခမနေအိမ်အား မီးရှို့၊ ကလေးငယ်တစ်ဦး သေဆုံး
ကျော် (NSS) - ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်တွင် ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်) ညပိုင်းက ရန်ဖြစ်ထားသည်ကို အငြှိုးထား၍ ယောက္ခမနေအိမ်အား မီးရှို့ခဲ့သဖြင့် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူ များ၊ လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ယမန်နေ့ည ၁ နာရီ ၄ဝ မိနစ်ခန့်က ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်၊ ဝါရီရူလမ်းရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပေါင်မြို့နယ် မီးသတ်စခန်း၊ ဇင်းကျိုက် နယ်မြေမီးသတ်တို့မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ၊ ရပ်ကွက်နေသူများက ဝိုင်းဝန်းငြှိမ်း သတ်မှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ငြှိမ်းသတ်မှုကြောင့် ည ၁ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး ပျက်စီးမှုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ နှင့် ရပ်ကွက်နေသူများက ဖယ်ရှားရှင်းလင်းစဥ် စတင်လောင်ကျွမ်းခဲ့သည့်နေအိမ်မှ မီးလောင်သေဆုံးနေသော အသက်(၇)နှစ်အရွယ်ရှိ ကလေးငယ်(မိန်းကလေး)တစ်ဦး၏ ရုပ်အလောင်းတစ်ခုအား တွေ့ရှိခဲ့ရကြောင်း သိရသည်။
"မီးလောင်သေဆုံးသွားတဲ့ ကလေးမလေးက အသက်(၇)နှစ်ပဲရှိသေးတယ် အ.မ.က(မူလွန်ရွှေဒင်းဂါး) မှာ ၁ တန်း တက်နေတာပါ။ သိရသလောက်ဆိုရင် မီးလောင်မှုဖြစ်တော့ တခြားလူတွေက အိမ်အပြင်ကို ပြေးထွက်သွားကြ တယ်။ အဲဒီကလေးမလေးကကြတော့ အိပ်ချင်မူးတူးနဲ့ အပြင်ကိုပြေးထွက်ပေမယ့် အိပ်ခန်းထဲကို မှားဝင်မိပြီး အိပ်ခန်းထဲမှာပဲ မီးလောင်သေဆုံးသွားတာပါ။ ဒေါ်ခင်ညွှန့်ရဲ့မြေးမလေးပါ" ဟု ဒေသခံလူမှုကူညီရေးအသင်းဝင် တစ်ဦးက ပြောသည်။
မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးရာ မီးလောင်မှုကို မျက်မြင်တွေ့ရှိသူ(၂)ဦး၏ ပြောကြားချက်အရ ရှို့မီးဖြစ်ကြောင်းသိရှိရသဖြင့် ဇင်းကျိုက်နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မီးရှို့ခဲ့သူမှာ နေအိမ်ပိုင်ရှင်ဒေါ်ခင်ညွန့်၏ သားမက်ဖြစ်သူ ဦးခင်အေးဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသဖြင့် ၎င်းအား ဖမ်းဆီးကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
"စစ်ဆေးပြီးသလောက်ဆိုရင် လွန်ခဲ့တဲ့ (၃)ရက်လောက်က သူနဲ့ သူ့အမျိုးသမီး လယ်တဲမှာ လယ်အဌားစောင့်ရင်း ရန်ဖြစ်ကြတယ်။ အဲဒီမှာ သူ့အမျိုးသမီးက သူ့အမေအိမ်ကိုပြန်သွားနေတာကို မကျေနပ်ဘူး။ အငြှိုးထားပြီး ညက လာပြီး မီးရှို့သွားတာ သူရှို့တာကို ကောင်လေးနှစ်ယောက်က မျက်မြင်တွေ့ခဲ့တာ သူတို့ပြောပြတဲ့အတွက် မီးရှို့တဲ့လူကို အချိန်မီဖမ်းဆီးနိုင်ခဲ့တာပါ။ အမှုဖွင့်အရေးယူသွားဖို့လုပ်နေပါတယ်" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး က ပြောသည်။
မီးလောင်မှုကြောင့် စတင်လောင်ကျွမ်းခဲ့သည့် နေအိမ် နှင့် ယင်းနေအိမ်ဘေးရှိ နေအိမ်တစ်လုံး၊ အိမ်ထောင် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံးခဲ့သဖြင့် မီးရှို့သူအား ဥပဒေအရအမှုဖွင့် အရေးယူ၍ မီးဘေးသင့်သူများကို တာဝန်ရှိသူများက ကူညီထောက်ပံ့ပေးမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်-လွှမ်းမိုးနေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ MNDAA လက်ထဲပါသွားတဲ့ လောက်ကိုင်အခြေအနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ