တရုတ်လက်အောက်မှ ထိုင်ဝမ် ခွဲထွက်နိုင်ရန်ကြိုးပမ်းမှုများကို တားဆီးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင့်က သတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇
တရုတ်သမ္မတရှီကျင့်ဖျင့်သည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး ထပ်မံသတိပေးပြောဆိုလိုက်သည်။
ထိုင်ဝမ်ခွဲထွက်ခြင်းကို တားဆီးနိုင်ရန် လုပ်ဆောင်စရာရှိသည့်ကိစ္စများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုင်ဝမ် နှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ကြိုးပမ်းလုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်သမ္မတက ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်ဝမ်တွင် ရွေးကောက်ပွဲကျင်းပမည့် တစ်လအလိုတွင် တရုတ်သမ္မတရှီကျင့်ဖျင့်က ယင်းကဲ့သို့ သတိပေး ပြောဆို ခဲ့ခြင်းဖြစ်သည်။
"တရုတ်နိုင်ငံလက်ထဲကနေ ထိုင်ဝမ်ကိုခွဲထုတ်ဖို့ကြိုးပမ်းနေသူများကို တားဆီးသွားမှာဖြစ်တယ်။ အမျိုးသား အကျိုးစီးပွားနဲ့ပြည်သူတွေရဲ့ဆန္ဒအရ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးကို အပြည့်အဝ လုပ်ဆောင်သွားမှာ ဖြစ်တယ်" ဟု တရုတ်သမ္မတက ပြောကြားခဲ့သည်။
တရုတ်အစိုးရက ထိုင်ဝမ်ကို ၎င်းတို့အချုပ်အခြာအာဏာပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားသော်လည်း ထိုင်ဝမ်က တရုတ်လက်အောက်မှ ခွဲထွက်ကာ ကိုယ်ပိုင်လွတ်လပ်ရေးရယူရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်နှင့်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေရန် တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင့်က ပြောထားသည်။
ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရန် ငြိမ်းချမ်းစွာကြိုးပမ်းမည်ဖြစ်သော်လည်း လိုအပ်မည်ဆိုလျှင် အင်အားသုံး မည်ဖြစ်ကြောင်းကို တရုတ်အစိုးရက မကြာခဏထုတ်ဖော်ပြောဆိုဖူးသည်။ တရုတ်သမ္မတရှီကျင့်ဖျင့်၏ မှတ်ချက် စကားသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံကို သတိပေးပြောဆိုခြင်းမျိုးဖြစ်နေကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင့်သည် ပြီးခဲ့သောလက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုင်ဝမ် အရေးအတွက် အဓိကထားထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်သမ္မတရှီကျင့်ဖျင့်က အမေရိကန် သမ္မတ နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ မရောင်းချရန်တောင်းဆိုခဲ့သော် လည်း အမေရိကန်အစိုးရဘက်က လက်ခံခြင်းမရှိခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
အမေရိကန်အစိုးရသည် ၂ဝ၂၄ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေမူကြမ်းကို ဥပဒေအဖြစ် အကောင် အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိရာ ယင်းဥပဒေမူကြမ်းထဲတွင် ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးမည့်အစီအစဉ် များ ပါဝင်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ဖြစ်ထားသည်ကိုအငြှိုးထားပြီး ယောက္ခမနေအိမ်အား မီးရှို့၊ ကလေးငယ်တစ်ဦး သေဆုံး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း