ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ ကျဆင်းလာနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာတစ်ခု ထုတ်ပြန်
Pika (NSS) - ဒီဇင်ဘာ ၁၆
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများသည် ၂ဝ၂၂ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက ယခုနှစ်တွင် (၅)ရာခိုင်နှုန်းခန့် ကျဆင်း သွားကြောင်း ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD) က ယခုသီတင်းပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ်တွင်လည်း ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ဆက်လက်ကျဆင်းမှုများဖြစ်ပေါ်နိုင်ကြောင်း UNCTAD က ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုနှစ်အတွင်း ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၃ဝ ဒသမ ၇) ထရီလီယံထိရှိမည်ဟု UNCTAD က ခန့်မှန်းထားကြောင်း သိရသည်။
ထို့အပြင် ကုန်စည်ကူးသန်းရောင်းဝယ်မှုတွင် အမေရိကန်ဒေါ်လာ(၂)ထရီလီယံ (၈)ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ပြီး ဝန်ဆောင်မှုကုန်သွယ်မှုများသည် အမေရိကန်ဒေါ်လာ(၅ဝဝ)ဘီလျံ (၇)ရာခိုင်နှုန်းတိုးမြင့်လာနိုင်ကြောင်း UNCTAD က ခန့်မှန်းထားသည်။
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ကျဆင်းရခြင်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ တင်ပို့မှု အားနည်းခြင်းများအပြင် ပထဝီဝင် နိုင်ငံရေးဆိုင်ရာ ပြဿနာများကြောင့်ဖြစ်ကြောင်း UNCTAD က သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။ အစီရင်ခံစာတွင် "ယူကရိန်းစစ်ပွဲ၊ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးဆက်ဆံမှု အေးခဲလာတာတွေဟာ ကုန်သွယ်မှုတွေအတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီအချက်တွေဟာ စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုတွေ ရှိစေရုံသာမက အခြားစီးပွားရေးတွေရဲ့ ကုန်သွယ်မှု ဒိုင်နမစ်တွေအပေါ်ကိုလည်း သက်ရောက်မှုရှိပါတယ်" ဟု ရေးသားထားသည်။
ထို့အပြင် အချို့နိုင်ငံများတွင် အတိုးနှုန်းမြင့်မားမှုများသည် ကုန်သွယ်မှုလုပ်ငန်းများအတွက် အဟန့်အတားဖြစ်စေ ကြောင်း UNCTAD က ပြောခဲ့သည်။
UNCTAD ၏ ခန့်မှန်းချက်များအရ လာမည့်၂၀၂၄ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများမှာ မသေချာမရေရာ သည့် အခြေအနေအတွင်ရှိနေပြီး အပျက်သဘောဆောင်သောရလဒ်များ ရှိလာနိုင်ကြောင်း သိရသည်။ UNCTAD က "အချို့စီးပွားရေးဆိုင်ရာ အညွှန်းကိန်းတွေဟာ အလားအလာရှိတဲ့ တိုးတက်မှုတွေကို ပြသနေပေမယ့်လည်း ပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေ၊ ကြွေးမြီးပမာဏမြင့်မားလာမှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေဟာ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်ရေးပုံစံအပေါ်မှာ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခဇုန်အတွင်းရှိသော တပ်ဖွဲ့ဝင်အရေအတွက်ကို ရုရှားသမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း