ပေါင်မြို့နယ်တွင် အိမ်စီးကားက သုံးဘီးဆိုင်ကယ်နှင့် သစ်ပင်ကိုဝင်တိုက်မှု ကြောင့် ယာဉ်မောင်းဖြစ်သူ ပြင်းထန်စွာဒဏ်ရာရ
NSS - ဒီဇင်ဘာ ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာတွင် အိမ်စီးကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင်ရပ်ထားသည့် သုံးဘီးဆိုင်ကယ်နှင့် သစ်ပင်ကိုဝင်တိုက်မိခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၉ ရက်)၊ မွန်းလွဲ ၂ နာရီခန့်က ပေါင်မြို့နယ်၊ ဖလပ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်စီးကားက သူ့ယာဉ်ကြောကနေပြီးတော့ တစ်ဖက်ယာဉ်ကြောကို အရှိန်မထိန်းနိုင်ဘဲရောက်သွားတယ်။ နောက်ပြီး လမ်းဘေးမြေသားလမ်းပေါ်မှာရပ်ထားတဲ့ သုံးဘီးဆိုင်ကယ်ကို ဝင်တိုက်မိတယ်။ နောက်ပေ(၂၀) လောက်အကွာမှာရှိတဲ့ သစ်ပင်ကိုဝင်တိုက်ပြီး ရပ်သွားတာပါ” ဟု အခင်းဖြစ်နေရာသို့ရောက်ရှိခဲ့သူက NSS ကိုပြောသည်။
ဖြစ်စဉ်ကြောင့် အိမ်စီးကားမောင်းနှင်သူသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရသည့်အတွက် အောင်နဝှတ်လူမှုကူညီရေးအသင်းကားဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်အတူ ယနေ့၊ နံနက်(၁၀)နာရီခန့်ကလည်း ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာနှင့် ရင်းငြိမ်ကျေးရွာချင်းဆက် မြေသားလမ်းဘေး ရေမြောင်းအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုး သားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့ရကြောင်း ရင်းငြိမ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
သေဆုံးသူအမျိုးသားသည် ကျောက်ရေတွင်းကျေးရွာတွင်နေထိုင်သည့် မဲကြီး(၅၄)နှစ်ဖြစ်ကာ ဦးခေါင်း နှင့် လက်မောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား ရင်းငြိမ်လူမှုကူညီရေးအသင်းမှ ရင်းငြိမ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်လာ ၁၀ သန်းထီကို (၂)ကြိမ်တိုင်တိုင် ပေါက်ခဲ့တဲ့ ဝိန်းမူရေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ