ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် ဘေးကင်းသောနေရာများမရှိတော့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးပြော
Pika (NSS) - ဒီဇင်ဘာ ၆
အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးခဲ့ပြီးနောက် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသကို ထိုးစစ်ဆင်မှုများ လုပ်ဆောင်နေမှုသည့်အတွက် ပါလက်စတိုင်းလူမျိုးများသည် မည်သည့်နေရာကိုမှ သွားစရာမရှိတော့ကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်သည် ၎င်းတို့၏ ထိုးစစ်ဆင်မှုများကို ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းသို့ ပြောင်းနေပြီး ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းမှုများ လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။ အဆိုပါဒေသကို အန္တရာယ်ကင်းဇုန်အဖြစ် သတ်မှတ်ခဲ့သော်လည်း အစ္စရေးစစ်တပ်၏ လက်ရှိလှုပ်ရှားမှုများကို ပါလက်စတိုင်းလူမျိုးများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။
ဂါဇာရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်အေဂျင်စီ (UNRWA) ၏ အကြီးအကဲ သောမတ်စ်ဝှိုက်က "ဘေးလွတ်ကင်းရာနေရာတွေကို ဘယ်လိုရှာရမလဲဆိုတော့ အကြံဥာဏ်တွေကို ပြည်သူတွေက တောင်းခံနေကြပါတယ်။ ကျွန်တော်တို့မှာ သူတို့ကို ပြန်ပြောစရာစကားမရှိပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ Khan Younis မြို့အနီးတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ Khan Younis မြို့၏ မြောက်ဖက်နှင့် အရှေ့ဖက်တို့ရှိ နေရာအချို့သည် အလွန်အန္တရာယ်များကြောင်း ပါလက်စတိုင်းလူမျိုးများကို အစ္စရေးစစ်တပ်က ဒီဇင်ဘာလ(၄)ရက်တွင် သတိပေးခဲ့ပြီး ၎င်းတို့ကို Rafah မြို့ရှိ ဒုက္ခသည်စခန်းသို့ ရောက်ရှိနိုင်မည့် လမ်းစများကိုပေးခဲ့ကြောင်းလည်း သိရသည်။
သို့သော်လည်း ဒီဇင်ဘာလ(၄)ရက်တွင် အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့ပြီး နယ်စပ်ဖြတ်ကျော်သွားသည့် လမ်းများတွင် ကားများ၊ မြည်းလှည်းများဖြင့် ပိတ်ဆို့နေကြောင်း သောမတ်စ်ဝှိုက်က ပြောကြားခဲ့သည်။ ထို့အပြင် လူဦးရေ (၂၈ဝဝဝဝ)ခန့်ရှိသော Rafah မြို့သည် ရွှေ့ပြောင်းနေထိုင်သူ (၄၇ဝဝဝဝ)ခန့်ကို လက်ခံထားပြီးဖြစ်သော ကြောင့် နောက်ထပ်ဝင်ရောက်လာမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်တော့မည်မဟုတ်ကြောင်း သောမတ်စ်ဝှိုက် ဒီဇင်ဘာလ(၅)ရက်တွင် ပြောကြားခဲ့သည်။
အစ္စရေးတပ်ဖွဲ့များသည် ဟားမက်လက်နက်ကိုင်အဖွဲ့ နှင့် အခြေခံအဆောက်အဦးများကို အင်အားအမြင့်ဆုံး သုံးကာ နှိမ်နှင်းသွားမည်ဖြစ်သလို ပြည်သူများ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ Daniel Hagari က ပြောကြားခဲ့သည်။
ထို့အပြင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် ဟားမက်လက်နက်ကိုင်အဖွဲ့များကို လိုက်လံရှာဖွေနေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ အစ္စရေး နှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အစ္စရေးဖက်မှ လူ(၁၂ဝဝ)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းဖက်မှ လူ(၁၅၉ဝဝ)ဝန်းကျင် သေဆုံးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ပြအင်ဂျင်နီယာဌာန၌ လစ်လပ်နေသော ရာထူးနေရာ (၆၀)နီးပါးအတွက် ဝန်ထမ်းများ ခေါ်ယူနေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း