PNLO အခြေပြုဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၁၀၀၀၀ ကျော်ခိုလှုံနေ
ကျော် (NSS) - ဒီဇင်ဘာ ၅
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အခြေပြုဒေသများရှိ စစ်ဘေးရှောင်စ ခန်းများ၌ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)အထိ လူဦးရေ ၁၀၀၀၀ ကျော်ရောက်ရှိခိုလှုံလျက်ရှိကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းထံမှ သိရသည်။
စစ်ဘေးရှောင်များသည် PNLO အခြေပြုဒေသများဖြစ်သော ဆီဆိုင်မြို့၊ ဘန်းယဥ်မြို့၊ နောင်မွန်မြို့၊ ဆိုက်ခေါင်မြို့၊နောင်ထောဝ်မြို့ နှင့်ဆက်စပ်ဧရိယာများရှိ စစ်ဘေးရှောင်စခန်းများ၌ ရောက်ရှိခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။
"စစ်ဘေးရှောင်စခန်းတွေမှာ ထပ်ရောက်လာတဲ့လူတွေနေထိုင်ရအဆင်ပြေအောင် တန်းလျားတွေထပ်ဆောက်နေပါတယ်။ လက်ရှိအချိန်အထိဆိုရင် ၁၀၀၀၀ ကျော်ရှိနေပြီ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပဲ"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းကပြောသည်။
PNLO အခြေပြုဒေသသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် ကယားပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာကြသူအများဆုံးဖြစ်ကြောင်း သိရသည်။
"တချို့စစ်ဘေးရှောင်တွေဆိုရင် ဘောလခဲဘက်ကနေ လွိုင်ကော်ကိုစစ်ဘေးရှောင်အနေနဲ့ရောက်လာတယ်။ လွိုင်ကော်မှာတိုက်ပွဲထပ်ဖြစ်တော့ ကျွန်တော်တို့ PNLO အခြေပြုဒေသဘက်ကို ထပ်ရောက်လာကြတာပါ"ဟု ဆရာခွန်ထွန်းကပြောသည်။
လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေထပ်မံများပြားလာသော်လည်း စစ်ဘေးရှောင်စခန်းထပ်မံဖွင့်လှစ်ရန် အစီအစဥ်မရှိသေးဘဲ လိုအပ်သည့် စားနပ်ရိက္ခာများကို ပုံမှန်ပို့ဆောင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
"လက်ရှိ စစ်ဘေးရှောင်စခန်း ၂၁ ခုထက်တော့ ထပ်တိုးဖွင့်ဖို့မရှိသေးပါဘူး။ တစ်ချို့စစ်ဘေးရှောင်တွေက မြို့တွေရွာတွေထဲက ဆွေမျိုးတွေအိမ်မှာနေကြတာလည်းရှိတယ်"ဟု ဆရာခွန်ထွန်းကပြောသည်။
ထို့ပြင် စစ်ဘေးရှောင်စခန်းများ၌ရောက်ရှိခိုလှုံနေသူများအား PNLO အုပ်ချုပ်ရေးဌာနနှင့်အလှူရှင်များက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ်များ၊ ဆီများ နှင့် အခြားစားသောက်ကုန်များကို လူဦးရေအပေါ်မူတည်၍ (၂)ပတ်စာခန့်အား ပုံမှန်ပေးပို့ပေးလျက်ရှိကြောင်း သိရသည်။
PNLO အခြေပြုဒေသတွင်နေထိုင်သူများမှလည်း စစ်ဘေးရှောင်များအတွက်လိုအပ်သည့် စားသောက်ကုန်များ၊ အဝတ်အထည်များကို လာရောက်လှူဒါန်းပေးမှုများလည်းရှိနေကြောင်း ဆရာခွန်ထွန်း၏ပြောကြားချက်အရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၃ ဦးအထိ မြင့်တက်လာ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း