ပြည်တွင်းရှိ အမျိုးသမီးများ၏ (၇ဝ)ရာခိုင်နှုန်းခန့်သည် ညအချိန်တစ်ဦးတည်းအပြင်ထွက်ရာတွင် လုံခြုံမှုမရှိခြင်းကို ခံစားနေရဟု MIMU ဆို
ယွန်း (NSS) - ဒီဇင်ဘာ ၂
မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး၏ (၇ဝ)ရာခိုင်နှုန်းခန့်သည် နေထိုင်ရာမြို့နယ်များတွင် ညအချိန်တစ်ဦးတည်း လမ်းလျှောက်ရာ၌ ဘေးကင်းလုံခြုံမှုမရှိခြင်းကို ခံစားနေရကြောင်း MIMU ၏ ဖော်ပြချက်များအရ သိရသည်။
Myanmar Information Management Unit (MIMU) က ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည့် ၎င်းတို့၏ဖော်ပြချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများရှိနေခဲ့ပြီး ရပ်ရွာအတွင်းဘေးကင်းလုံခြုံမှုမရှိဘဲ နေအိမ်အပြင်သို့ အမျိုးသမီးများ သွားလာလှုပ်ရှားမှုများအပေါ်တွင် အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အမျိုးသမီးအားလုံး၏ (၃၅)ရာခိုင်နှုန်းသည် ညအချိန်အိမ်၌ တစ်ဦးတည်း နေထိုင်ရခြင်းကို ဘေးကင်းလုံခြုံမှုမရှိဟု ခံစားနေရကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ကာလမှစ၍ အမျိုးသမီး(၅)ဦးတွင် (၁)ဦးသည် အကြမ်းဖက်မှုများဖြင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း အဆိုပါအဖွဲ့က ဆိုထားသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အသက်(၁၅)နှစ် နှင့် (၁၉)နှစ်အရွယ်ကြားရှိ အမျိုးသမီးများ၏ (၈)ရာခိုင်နှုန်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့နေရကြောင်း MIMU အဖွဲ့က ဖော်ပြထားသည်။
လွန်ခဲ့သည့် သုံးနှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုများ မြင့်တက်လာခဲ့ပြီး ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော်ရှိရာ ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့် မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အုပ်စုရဲ့ပစ်မှတ်ပေါင်း အနည်းဆုံး ၄၀၀ ကို တိုက်ခိုက်ခဲ့ဟု အစ္စရေးစစ်ဘက်ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း