ကိုးကန့် BP(၁၂၅)စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေမှုကို အချိန်တိုအတွင်းဖြေရှင်းသွားမည်ဟုဆို
ကျော် (NSS) - နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ BP(၁၂၅)စစ်ဘေးရှောင်စခန်းတွင်စားနပ်ရိက္ခာပြတ်လပ်နေမှုကို အချိန်တိုအတွင်းဖြေရှင်းသွားမည်ဟု ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်)ကထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်၌ ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ BP(၁၂၅)စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဦးရေ (၁)သိန်းခန့်ရောက်ရှိခိုလှုံနေကြောင်း သိရသည်။
ထိုသို့ လာရောက်ခိုလှုံသူများပြားသဖြင့် စစ်ဘေးရှောင်စခန်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ နှင့် ဟင်းသီးဟင်းရွက်များ ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ညှိနှိုင်း၍ စားနပ်ရိက္ခာပြတ်လပ်မှုကို အမြန်ဆုံးဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက်ရှိ၍ အချိန်တိုအတွင်းဖြေရှင်းနိုင်မည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဒေသ/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့သည်။
အစည်းအဝေး၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်က ပြည်သူများ၏ စားဝတ်နေရေးကိုသိရှိပြီး ၎င်းတို့၏အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီဖြေရှင်းပေးရန်မှာကြားခဲ့သည်။
ထို့ပြင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ကိုးကန့်လူငယ်များအနေဖြင့်လည်း ဒေသအတွင်းရှိ ပြည်သူများနှင့်ပူးပေါင်း၍ စစ်ဘေးရှောင်များ၏ အခက်အခဲများပြေလည်စေရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။
ထို့အတူ စစ်ဘေးရှောင်များအနေဖြင့်လည်း ကိုးကန့်ဒေသအပြင်ဘက်သို့ စစ်ဘေးရှောင်ခြင်း၊ လောက်ကိုင်-ချင်းရွှေဟော်လမ်းပိုင်းအား သွားလာအသုံးပြုခြင်းများ မပြုလုပ်ကြရန်လည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ အသိပေးတိုက်တွန်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရွှေကြိုမောင်မယ်များခေါ်ယူနေ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း