ကင်းလှည့်နေချိန်အတွင်း အစ္စရေးရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ UNIFIL အဖွဲ့ဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
လက်ဘနွန်နိုင်ငံရှိ United Nations Interim Force အဖွဲ့က အစ္စရေးစစ်တပ်ဟာ နိုဝင်ဘာ ၂၆ ရက်က ကင်းလှည့်နေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ လက်ဘနွန် နဲ့ အစ္စရေးနိုင်ငံနယ်စပ်ဒေသဖြစ်တဲ့ လက်ဘနွန်နိုင်ငံ Aytaroun ရွာ အနီးမှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့က "UNIFIL အဖွဲ့တွေ လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာ ကင်းလှည့်နေချိန်အတွင်း အစ္စရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်တာခံခဲ့ရတယ်" လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နောက်ပိုင်းကတည်းက လက်ဘနွန်-အစ္စရေးနယ်စပ်မှာလည်း အစ္စရေးနဲ့ ဟစ်ဘိုလာအုပ်စုကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး နဲ့ လက်ဘနွန်နိုင်ငံကြား အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ဟစ်ဘိုလာအဖွဲ့ဝင် ၇၇ ဦး အပါအဝင် လက်ဘနွန်နိုင်ငံသား ၁ဝ၉ ဦး သေဆုံးထားပြီဖြစ်ပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား လေးရက်ကြာ အပစ်ခတ်ရပ်စဲထားချိန်အတွင်း လက်ဘနွန်နိုင်ငံအခြေစိုက် ဟစ်ဘိုလာအုပ်စုနဲ့ အစ္စရေးနိုင်ငံကြား တိုက်ခိုက်မှုတွေ ရှိနေခဲ့ပါတယ်။
ဟစ်ဘိုလာအုပ်စုက အစ္စရေးဟာ ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွေကို လိုက်နာမယ်ဆိုရင် ၎င်းတို့ အဖွဲ့ကလည်း လိုက်နာသွားမှာဖြစ်ကြောင်း ပြောပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက ဂါဇာဒေသရှိ ကုလသမဂ္ဂဝန်ထမ်း ၁ဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးဟာ အမေရိကန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေးမှုတွေရှိနေပမယ့် ဟားမက်စ်အဖွဲ့ကို ချေမှုန်းနိုင်ဖို့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကိုလည်း ဗုံးကြဲမှုတွေ ရှိနေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာလက်နက်ကိုင်အဖွဲ့တွေက နယ်စပ်ကုန်သွယ်ရေးအချက်အချာကျနေရာကို သိမ်းယူဟု ဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း