လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် ယွမ်(၁၅၀)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာ
မြူနစ် (NSS) - နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် တရုတ်ယွမ် (၁၅၀)အထိ ဈေးမြင့်တက်လျက်ရှိပြီး အခြေခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာကြောင်း သိရသည်။
MNDAA ဦးဆောင်မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများရှိ လုံခြုံရေးစခန်းများကို အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်မှုနှင့်အတူ ကုန်စည်စီးဆင်းရာ လမ်းကြောင်းများသည် ပိတ်ဆို့ရပ်တန့်သွားခဲ့ပြီး ကုန်စည်ပြတ်လပ်မှုများရှိခဲ့ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိတွင် လောက်ကိုင်မြို့၌ ဆန်တစ်ပြည်လျှင် ယွမ် ၁၅၀ (၇၀၀၀၀ ကျပ်ဝန်းကျင်)၊ ကြဥတစ်ကတ်လျှင် ယွမ် ၆၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း မြို့ခံများက NSS ကို ပြောသည်။
“နံနက်ပင်က (၅) ယွမ်ကနေ အခု ယွမ် (၅၀)အထိ ရှိနေပြီ။ တရုတ်ဘက်က ကားဝင်လာတုန်းက ကြက်ဥတစ်ကတ်ကို ယွမ် (၆၀)နဲ့ရတယ်။ အခုမရတော့ဘူး။ ယွမ်(၁၀၀)ကျော်သွားပြီ။ ကုန်ဈေးနှုန်းတွေက မကျဘဲနဲ့ ဆတိုးနဲ့ကိုတက်နေတာ”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
ထို့ပြင် လောက်ကိုင်မြို့၌ ယခင်က ဆန်(၂၄)ပြည်တစ်အိတ်လျှင် တရုတ်ယွမ် (၂၇၀)သာရှိခဲ့ရာမှ လက်ရှိတွင် ဆန်တစ်ပြည်လျှင် ယွမ် (၁၅၀)ဝန်းကျင်အထိ ပေးဝယ်နေရမှုများရှိကြောင်း ၎င်းက ထပ်မံပြော သည်။
“ဈေးမှာ ခင်းရောင်းနေတာ မေးကြည့်တော့ ဆန်တစ်ပြည် ယွမ်(၁၅၀)လို့ ပြောတယ်။ မြန်မာငွေနဲ့ဆိုရင် (၇၀၀၀၀)ဝန်းကျင် လောက်ပေါ့။ ကုန်ဈေးနှုန်းတအား တက်တယ်။ တစ်ချို့ဆိုရင် ထမင်းမစားနိုင်ဘူး။ ခေါက်ဆွဲခြောက်ပဲ စားနေရတယ်။ အလုပ်တွေကလည်း ပိတ်တာတွေရှိတော့ အခြေခံပြည်သူတွေအတွက် ခက်ခဲတာပေါ့။ လောက်ကိုင်မှာက ကုန်ဈေးနှုန်း ပိုကြီးလာတော့ သူတို့အတွက် ရပ်တည်ဖို့က ခက်ခဲတာပေါ့”ဟု လောက်ကိုင်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ လောက်ကိုင်မြို့၌ စက်သုံးဆီ (၁၀)ပိသာပုံး တစ်ပုံးလျှင် တရုတ်ယွမ် (၂၅၀၀)ဝန်းကျင်အထိ ဈေးမြင့်တက်လျက်ရှိကြောင်း သိရသည်။
“စက်သုံးဆီဈေးကတော့ ဆယ်ပိသာပုံးအဝါ တစ်ပုံးကို (၂၅၀၀) ယွမ်ရှိတယ်။ လီတာနဲ့ရောင်းတာ မရှိသလောက်ပဲ။ ဆီပန့်ဆိုင်တွေက ပိတ်ထားတယ်လေ။ အဲဒီတော့ ပုံးအဝါတွေနဲ့ လမ်းဘေးမှာ တစ်ဆင့်ခံတွေက ရောင်းနေကြတာ”ဟု ၎င်းက ထပ်မံပြောသည်။
ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်)တွင် လောက်ကိုင်မြို့၌ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ဦးဆောင်ကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေး၌ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများ၊ ပြည်သူများအတွက် လတ်တလောရိက္ခာပြတ်လပ်မှုအခြေအနေများကို ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ထံ တင်ပြခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင်း၌ တရားမဝင်နေထိုင်သော တရုတ်နိုင်ငံသား(၁၀၀၀)နီးပါး ထပ်မံဖမ်းဆီးရမိ
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း