PNLO ၏အခြေပြုဒေသများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင် (၈၀၀၀)ကျော်ရောက်ရှိခိုလှုံနေပြီး စစ်ဘေး ရှောင်စခန်း ၂၁ ခုဖွင့်လှစ်ထား
ကျော် (NSS) - နိုဝင်ဘာ ၂၁
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၏ အခြေပြုဒေသများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင် (၈၀၀၀)ကျော်ရောက်ရှိခိုလှုံနေကြောင်း ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက ယနေ့ (နိုဝင်ဘာလ ၂၁ ရက်)တွင် NSS ကိုပြောသည်။
"PNLO အခြေပြုဒေသမှာ စစ်ဘေးရှောင်စခန်း ၃ ခုဖွင့်ထားတယ်။ နောက်ပြီး PNLO ရဲ့ဆက်စပ်ဧရိယာတွေမှာ စစ်ဘေးရှောင်စခန်း ၁၈ ခုလောက်ဖွင့်ထားပေးတယ်"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းက NSS ကိုပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်း ၂၁ ခု၌ ကယားပြည်နယ်မှစစ်ဘေးရှောင်လာသူ (၈၀၀၀)ကျော်ခိုလှုံနေကြကြောင်း သိရသည်။
"စစ်ဘေးရှောင် ၈၀၀၀ ကျော်လောက်ရှိတယ်ဆိုတာက စခန်းအကုန်လုံးကိုစာရင်းမပေါင်းရသေးဘူး။ လတ်တလော လက်လှမ်းမီသလောက် အရေအတွက်ပေါ့။ ထပ်ရောက်လာဖို့လည်းရှိသေးတယ်"ဟု ဆီဆိုင်မြို့၊ PNLO ဆက်ဆံရေးရုံးတာဝန်ခံ ဆရာခွန်ထွန်းကပြောသည်။
လက်ရှိအချိန်၌ PNLO ၏အခြေပြုဒေသများနှင့်ဆက်စပ်ဧရိယာများတွင်ဖွင့်လှစ်ထားသော စစ်ဘေးရှောင် စခန်းများ၌ ရောက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်များအနေဖြင့် ၎င်းတို့ပါလာသော အစားအသောက်များကို စားသောက်နေရကြောင်း ဆရာခွန်ထွန်း၏ပြောကြားချက်အရ သိရသည်။
"စစ်ရှောင်တွေက လောလောဆယ်မှာသူတို့ပါလာတဲ့ အစားအသောက်တွေနဲ့စားနေကြတယ်။ ကျွန် တော်တို့ကလည်း စစ်ဘေးရှောင်တွေရဲ့အစားအသောက်အတွက် လျာထားတာတွေရှိတယ်။ အဲဒီလျာထားတာတွေ ကို စခန်း ၂၁ ခုလုံးကိုဖြန့်ဝေပေးလိုက်ရင် မလောက်ငနိုင်ဘူး။ ဒါကြောင့် စစ်ဘေးရှောင်တွေရဲ့အစားအသောက် အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေကိုဖိတ်ခေါ်ထားတယ်"ဟု ဆရာခွန်ထွန်းကပြောသည်။
ကယားပြည်နယ်မှစစ်ဘေးရှောင်များအား PNLO ၏အခြေပြုဒေသများတွင် လာရောက်ခို လှုံနိုင်ကာ တတ်အားသရွှေ့ကူညီသွားမည်ဟု PNLO ဘက်က နိုဝင်ဘာ ၁၇ ရက်ကအသိပေးထုတ်ပြန်ခဲ့ပြီး စစ်ဘေးရှောင်များအား ကူညီမှုများပြုလုပ်ပေးနိုင်ရန် ကူညီကယ်ဆယ်ရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းအသုံးပြုကာ လိမ်လည်မှုများကျူးလွန်နေတဲ့ဂိုဏ်းတွေမှာ ပါဝင်နေသူ ၃၁ဝဝဝ ကျော်ကို မြန်မာနိုင်ငံက လွှဲပြောင်းပေးခဲ့ဟု တရုတ်အစိုးရပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း