ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု များပြားလာခြင်းကြောင့် အပစ်အခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်ကို ပြင်သစ်သမ္မတတိုက်တွန်းတောင်းဆို
Pika (NSS) - နိုဝင်ဘာ ၂ဝ
ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့အပေါ်လုပ်ဆောင်နေသော အစ္စရေး၏ စစ်ဆင်ရေးများ ကြောင့် အရပ်သားသေဆုံးမှုများပြားနေကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ပြင်သစ်သမ္မတမက်ခရွန်က ပြောခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီး နောက် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း အစ္စရေးဖက်က ကတိပြုပြောခဲ့သည်။
ဟားမက်လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများအတွင်း အစ္စရေးဖက်ကမှ အနည်းဆုံးလူ(၁၂ဝဝ)ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဟားမက်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးဖက်မှ လူ(၂၄ဝ)ဝန်းကျင်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ထို့နောက် အစ္စရေးဖက်က လေကြောင်းနှင့်မြေပြင်မှ တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ခဲ့ရာ ဂါဇာကမ်းမြောင် ဒေသရှိ ပါလက်စတိုင်းနိုင်ငံသား (၁၃ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူများထဲတွင် ကလေးငယ်ထောင်ပေါင်းများစွာ ပါဝင်ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုခဲ့သည်။
ပြင်သစ်သမ္မတမက်ခရွန် က "အစ္စရေးစစ်တပ်ဟာ အကြမ်းဖက်သမားတွေကို ပြည်သူတွေနဲ့ ခွဲခြားတတ်ဖို့ လိုအပ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုတွေရှိတဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချက်ချင်းရရှိဖို့က အရေးကြီးပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် West Bank နယ်မြေတွင် ပါလက်စတိုင်းပြည်သူများအပေါ် အကြမ်းဖက်မှုများ ပိုမိုတိုးမြင့်လာခြင်းနှင့် ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်းနှင့် တည်ငြိမ်စွာဖြေရှင်းမှုများလုပ်ဆောင်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ကို ပြင်သစ်သမ္မတမက်ခရွန် က ပြောခဲ့သည်။
စစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက အစ္စရေးတပ်ဖွဲ့ဝင်များနှင့် အခြားအခြေချနေထိုင်သူများသည် West Bank နယ်မြေအတွင်းရှိ ပါလက်စတိုင်းလူမျိုး(၂ဝဝ)ကျော်ကို သတ်ပစ်ခဲ့ကြောင်း Ramallahမြို့ကျန်းမာရေးဝန်ကြီးဌာန၏ ပြောဆိုချက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၏ ထောက်ပံ့မှု ဆုံးရှုံးမှုများအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာယူကရိန်းသံအမတ်ဟောင်းပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း