မုန်တိုင်းတိုက်ခတ်မှုအတွင်း သင်္ဘောသား(၁၂)ဦး လိုက်ပါလာသည့် ကုန်တင်သင်္ဘောတစ်စီး ပျောက်ဆုံးသွားခဲ့ကြောင်း တူရကီအာဏာပိုင်များပြော
Pika (NSS) - နိုဝင်ဘာ ၂ဝ
တူရကီကုန်တင်သင်္ဘောတစ်စီးနှင့်လိုက်ပါလာသော သင်္ဘောသား(၁၂)ဦးတို့သည် နိုင်ငံအနောက်မြောက်ဘက် ကမ်းရိုးတန်းတွင် မုန်တိုင်းတစ်ခုတိုက်ခတ်ချိန်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း တူရကီအာဏာပိုင်များက နိုဝင်ဘာ(၁၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
Kafkametler အမည်ရှိ ကုန်တင်သင်္ဘောသည် နိုဝင်ဘာလ(၁၉)ရက် နံနက်(၁ဝ)နာရီ (၂၉)မိနစ်အချိန်တွင် ဘေးအန္တရာယ်ကျရောက်နေသည့်အချက်ပြုမှုတစ်ခုကို ပေးပို့ခဲ့ပြီး Eregli မြို့ အနောက်မြောက်ပိုင်းတွင် ၎င်း၏ နောက်ဆုံးအချက်ပြမှုကို ပေးပို့ခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ ဌာနခွဲတစ်ခု ပြောကြားချက်အရ သိရသည်။
ရေကြောင်းရေးရာ အထွေထွေညွှန်ကြားရေးမှူးရုံးက "အဲဒီသင်္ဘောနဲ့ သင်္ဘောသားတွေကို ဆက်သွယ်ဖို့ ကျွန်တော် တို့ ကြိုးပမ်းအားထုတ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ရာသီဥတုဆိုးရွားမှုတွေကြောင့် အဲဒီသင်္ဘောရဲ့ တည်နေရာ ကို ရောက်ရှိဖို့ ဒါမှမဟုတ် အနီးကပ် ဆက်သွယ်မှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ရာသီဥတု ပြန်လည်ကောင်းမွန် လာတာနဲ့တစ်ပြိုင်နက် ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေကိုအသုံးပြုပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ" ဟု ဆိုခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် အမှုထမ်း(၁၂)ဦးလိုက်ပါလာပြီး ရုရှားနိုင်ငံ Temryuk မြို့မှ တူရကီနိုင်ငံ Aliaga မြို့သို့ ferrosilicon များ သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောတစ်စီးဖြစ်ကြောင်း သိရသည်။ အဆိုပါကုန်တင်သင်္ဘော သည် Eregli မြို့ ကမ်းလွန်ပင်လယ်ပြင်သို့ ဦးတည်နေကြောင်း သင်္ဘောကပ္ပတိန်က ၎င်း၏နောက်ဆုံးဆက်သွယ်မှု အတွင်း အာဏာပိုင်များကိုပြောကြားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ(၁၉)ရက်တွင် ပြင်းထန်သောမုန်တိုင်းများနှင့် လေပြင်းတိုက်ခတ်မှုများသည် တူရကီနိုင်ငံ၏ အစိတ် အပိုင်းများစွာကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အနောက်မြောက်ဘက် ကမ်းရိုးတန်းရှိ မြို့နှစ်မြို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကင်မရွန်းနိုင်ငံတွင် မှတ်ပုံတင်ထားသော အခြားသင်္ဘောတစ်စီးသည် Eregli မြို့ ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းထန်သောလှိုင်းလုံးများ၏ ရိုက်ခတ်မှုကြောင့် နှစ်ပိုင်းကျိုးသွားခဲ့သော်လည်း သင်္ဘောသားအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသတွင် အရပ်သားသေဆုံးမှု များပြားလာခြင်းကြောင့် အပစ်အခတ်ရပ်စဲရန် အစ္စရေးဝန်ကြီးချုပ်ကို ပြင်သစ်သမ္မတတိုက်တွန်းတောင်းဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း