တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားခဲ့သော်လည်း တိုက်ခိုက်လာသည့်အတွက် တန်ပြန်ချေမှုန်းမှုများကို ဆက်လုပ်မည်ဟု တပ်ချုပ်သတိပေး
မျိုးကြီး (NSS) - နိုဝင်ဘာ ၃
တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထားခဲ့သော်လည်း တိုက်ခိုက်လာသည့်အတွက် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(နိုဝင်ဘာလ ၂ ရက်)တွင် နေပြည် တော်၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုကာ သတိပေးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များက ကိုးကန့်ဒေသရှိ နယ်မြေလုံခြုံရေးစခန်းများ နှင့် ဌာနဆိုင်ရာရုံးဌာနများကို တိုက်ခိုက်လာမှုများရှိသည်ဟု နစကဥက္ကဋ္ဌက ပြောသည်။
ထို့အတူ ကချင်ပြည်နယ်အတွင်း၌လည်း လမ်းပန်းဆက်သွယ်ရေး၊ နယ်မြေလုံခြုံရေးစခန်းများကို KIA အဖွဲ့က တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
တပ်မတော်အနေဖြင့် KIA အဖွဲ့အား နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားမှုမရှိစေရေးသတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် အင်အားအလွန်အကျွံအသုံးပြုကာ လုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့သည့်အတွက် လုံခြုံရေးအရ ပြန်လည်ဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ထပ်မံပြောသည်။
တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုထား၍ ဆောင်ရွက်ပေးခဲ့သော် လည်း မိမိတို့အပေါ် တိုက်ခိုက်မှုများ ဆောင်ရွက်လာခြင်းကြောင့် တန်ပြန်ချေမှုန်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးပြောကြားခဲ့သည်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လာရောက်ဆွေးနွေးလိုပါက အစဉ်အမြဲတံခါးဖွင့်ထားသည်ဟုလည်း နစကဘက်က အသိပေးပြောကြားခဲ့ဖူးသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ကာ MNDAA၊ TNLA၊ AA မဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို (၁၀၂၇ စစ်ဆင်ရေး) အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင် နှင့် ကြူကုတ်မြို့တို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်လာသော KIA နှင့် PDF အဖွဲ့ဝင်(၁၀)ဦးကို ငွေကျပ်(၁၆၅) သိန်း ထောက်ပံ့ခဲ့ကြောင်း နစက ထုတ်ပြန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ