အမေရိကန် နှင့် နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲများပြုလုပ်ရန် တရုတ်နိုင်ငံက သဘောတူညီခဲ့ကြောင်း သတင်းများထွက်ပေါ်
Pika (NSS) - နိုဝင်ဘာ ၂
လာမည့်သီတင်းပတ်အတွင်း အမေရိကန် နှင့် တရုတ်နိုင်ငံတို့သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေး ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အမေရိကန်သမ္မတဟောင်း အိုဘားမား လက်ထက်နောက်ပိုင်း ပထမဆုံးကျင်းပမည့် ဆွေးနွေးပွဲဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်း နှစ်နိုင်ငံကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေး နှင့် မပြန့်ပွားရေးဆိုင်ရာဆွေးနွေးပွဲများ၊ ရေကြောင်းရေးရာ နှင့် အခြားကိစ္စများကို ဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။
တရုတ် နှင့် အမေရိကန်ကြား လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနအကြီးတန်းအရာရှိ Mallory Stewart နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်နက်ထိန်းချုပ်ရေးဌာန အကြီးအကဲ Sun Xiaobo က ဦးဆောင်သွားမည်ဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
အဆိုပါဆွေးနွေးပွဲပုံစံ (သို့မဟုတ်) အချိန်တို့နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် အမေရိကန်ရှိ တရုတ်သံရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုး မရှိသေး ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ နျူကလီးယားလက်နက်တည်ဆောက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်က စိုးရိမ်ပူပန်မှုများရှိနေမှုနှင့်အတူ အမေရိကန် နှင့် တရုတ်သမ္မတတို့သည် မဟာဗျူဟာမြောက်လက်နက် ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲများကို ရှေ့ဆက်လုပ်ဆောင်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်က ၂ဝ၂၁ ခုနှစ်တွင် ထုတ်ဖော်ပြောခဲ့သည်။
သို့သော်လည်း အဆိုပါဆွေးနွေးပွဲများသည် ရုရှား နှင့် အမေရိကန်တို့ကြား ပြုလုပ်ခဲ့သည့် တရားဝင်လက်နက် လျှော့ချရေးဆွေးနွေးပွဲများ နှင့် ဆင်တူမည်မဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောခဲ့သည်။
အဆိုပါ အချိန်မှစတင်ပြီး တရုတ်နိုင်ငံသည် နျူကလီးယားလက်နက်အန္တရာယ် လျှော့ချရေးဆွေးနွေးပွဲများတွင် စိတ်ပါဝင်စားမှု အနည်းငယ်သာရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့ သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ လက်နက်တိုက်တွင် နျူကလီးယားထိပ်ဖူးပေါင်း (၅ဝဝ) ကျော်ရှိပြီး ၂ဝ၃ဝ ပြည့်နှစ်တွင် နျူကလီးယားထိပ်ဖူးပေါင်း (၁ဝဝဝ)ကျော်ထိ ရှိလာနိုင်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြီးခဲ့သည့်အောက်တိုဘာလတွင် ထုတ်ဖော်ပြောခဲ့သည်။
နိုဝင်ဘာလတွင် ဆန်ဖရန်စ္စကိုမြို့မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ တွေ့ဆုံမှု မတိုင်မီ နှစ်နိုင်ငံကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲများ ဖြစ်လာနိုင်ခြေရှိသော်လည်း အရေးကြီးသော အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ မထုတ်ပြန်ရသေးကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဂျူးသင်္ချိုင်း မီးရှို့ဖျက်ဆီးခံရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း