ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဂျူးသင်္ချိုင်း မီးရှို့ဖျက်ဆီးခံရ
Pika (NSS) - နိုဝင်ဘာ ၂
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ဂျူးလူမျိုးများ မြှုပ်နှံသော သင်္ချိုင်းတစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။
ဥရောပတစ်ဝှမ်းတွင် ဂျူးဆန့်ကျင်ရေးဖြစ်ရပ်များ ပိုမိုတိုးမြင့်လာသည့်အချိန်တွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်ကျွမ်းမှုအတွင်း သင်္ချိုင်းရှိနေရာ အများအပြား ပျက်စီးသွားခဲ့ကြောင်း ဗီယင်နာမြို့ရှိ ဂျူးအသိုင်း အဝိုင်းမှ ခေါင်းဆောင် Oskar Deutsch က ပြောကြားခဲ့သည်။
၎င်းက "ညအချိန်အတွင်းမှာ မြို့လယ်သင်္ချိုင်းမှာရှိတဲ့ ဂျူးတွေမြှုပ်နှံတဲ့အပိုင်းဟာ မီးရှို့ခံခဲ့ရပါတယ်။ သုဿန် အခမ်းအနားခန်းမ ရှေ့ခန်းလည်း မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး။ မီးသတ်တပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့တွေဟာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
အွန်လိုင်းပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် မီးလောင်ကျွမ်းခဲ့ပြီး မီးခိုးများဖြင့် ပြည့်နှက်နေသော သုဿန်အခမ်းအနားခန်းမထဲတွင် မီးသတ်တပ်ဖွဲ့က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဩစတြီးယား၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေကာကွယ်စောင့်ရှောက်ရေးရုံးက စုံစမ်းစစ်ဆေးမှု များ ဆက်လက်လုပ်ဆောင်နေကြောင်း ဗီယင်နာရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
အဆိုပါဖြစ်ရပ်ကို ဩစတြီးယားအဓိပတိ Karl Nehammer က ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရသည်။ ၎င်းက "ဂျူးဆန့်ကျင်ရေးဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မရှိပါဘူး။ အဲဒါကို နိုင်ငံရေးနဲ့ ဥပဒေရေးရာ နည်းလမ်း အားလုံးနဲ့ တိုက်ဖျက်သွားမှာပါ။ ဂျူးသင်္ချိုင်းကို မီးရှို့ဖျက်ဆီးတဲ့လူတွေအားလုံးကို အမြန်ဆုံးဖော်ထုတ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေး နှင့် ပါလက်စတိုင်းကြား တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ဥရောပ တစ်ဝှမ်းတွင် ဂျူးဆန့်ကျင်ရေးဖြစ်ရပ်များဖြစ်ပွားခဲ့ပြီးနောက် ဗီယင်နာမြို့တွင် ယခုကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဂျူးအဖွဲ့အစည်းသည် အမေရိကန်တွင် ဂျူးဆန့်ကျင်ရေးများ တိုးမြင့်လာခြင်းနှင့်ပတ်သက်ပြီး သတိပေးခဲ့သလို အသရေဖျက်မှုတိုက်ဖျက်ရေးအဖွဲ့ချုပ်ကလည်း ယခုလအတွင်း ဂျူးဆန့််ကျင်ရေးဖြစ်ရပ်များ (၄ဝဝ) ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂ ရက်အတွင်းဖြစ်ပွားခဲ့သည့် မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက သတင်းများ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း